
ရခိုင်ပြည်နယ်မှာ စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာ ၃ နှစ်နီးပါး ကြာမြင့်လာတာနဲ့အမျှ စစ်ဘေးရှောင်ဦးရေ ပိုများလာနေပြီး အိမ်ငှားခဈေးနှုန်းတွေ အဆမတန် မြင့်တက်လာနေပါတယ်။
ဒါကြောင့် နှစ်ရှည်လများ နေရပ်စွန့်ခွာနေရတဲ့ စစ်ဘေးရှောင်တွေဟာ အိမ်ငှားခဈေးမြင့်တက်မှုနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်ဒဏ်ကို အလူးအလဲ ခံစားနေကြရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမအပတ်ကစပြီး စစ်အာဏာရှင်တပ်က စစ်အင်အား ၂ ဆ၊ ၃ ဆအထိ ကြည်း၊ ရေ၊ လေ စစ်ကြောင်းတွေကို တပြိုင်နက်တည်း တိုးမြှင့်ပြီး ထိုးစစ်ဆင်မှုနဲ့အတူ ရခိုင်ပြည်နယ် စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။
ဒါကြောင့် စစ်တွေ၊ ကျောက်ဖြူ အပါအဝင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော စတဲ့ အနီးအနား ဒေသတွေပါ လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကို စိုးရိမ်ပြီး ထပ်မံ နေရပ်စွန့်ခွာလာနေကြပါတယ်။
ခုလို နေရပ်စွန့်ခွာမှုများလာနေတဲ့အတွက် ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ စစ်ဘေးရှောင်ဦးရေ ပိုမိုများပြားလာပြီး အိမ်ငှားခဈေးနှုန်းတွေ အဆမတန် မြင့်တက်လာနေကာ စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်ရေး အခက်အခဲ ဖြစ်နေကြရပါတယ်။
ရခိုင်က စစ်ဘေးရှောင်တွေဟာ နေရပ်စွန့်ခွာလာရတာ ၃ နှစ်နီးပါး ရှိလာပြီဖြစ်ပြီး လက်ရှိမှာ အိမ်ငှားခဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတဲ့အတွက် အိမ်ငှားခ ရေရှည်ပေးဆောင်နေရတာက ဝန်ထုပ်ဝန်ပိုးတခုလို ဖြစ်နေတယ်လို့ စစ်တွေကနေ စစ်ဘေးရှောင်လာတဲ့ အမျိုးသမီးတယောက်က ပြောပါတယ်။
“စစ်ရှောင်တွေကလည်း တရက်ထက်တရက် များများလာတော့ သူ့ထက်ငါ ဈေးပိုပေး ငှားလာကြတာလည်း ရှိလာတယ်။ ပထမဆုံး အိမ် စစငှားတုန်းက အစ်မတို့က တလကို ၁ သိန်းခွဲနဲ့ ငှားပြီး နေကြတာ။ နောက်လကျတော့ ကျပ် ၂ သိန်း၊ ၂ သိန်းကနေ ခု ၄ သိန်းအထိ တင်တောင်းလာကြတယ်။ နောက်အိမ်တဆောင် ပြောင်းဖို့ကလည်းမလွယ်၊ အိမ်ရှာရတာကလည်း အကန့်အသတ်တွေ များလာတယ်၊ ရှာလို့ကိုမရတာပေါ့နော်။ ဒီလမှာ အိမ်ရှင်က မငှားတော့ဘူး ပြောလာရင် ချက်ချင်းဆင်းပြေးရပေမဲ့ နောက်အိမ်တဆောင်ရဖို့ကလည်း မလွယ်တော့ဘူးလေ။”
အရင်က တသိန်းခွဲကနေ ၂ သိန်းဝန်းကျင်သာ ရှိခဲ့တဲ့ အိမ်တွေဟာ လက်ရှိမှာ ၇ သိန်းအထိ ဈေးမြင့်တက်နေပါတယ်။
အထူးသဖြင့် နှစ်ထပ်တိုက်တလုံးဆိုရင် ကျပ် ၅ သိန်းကနေ ၁၅ သိန်းအထိ ပေါက်ဈေးရှိနေတဲ့အတွက် အခြေခံလူတန်းစား စစ်ဘေးရှောင်တွေမှာ စားဝတ်နေရေးအတွက်ရော နေထိုင်ရေးတွေအတွက်ပါ အခက်အခဲ ကြုံနေကြရတာပါ။
အလုပ်အကိုင် ရှားပါးမှုတွေကြောင့် ကျေးရွာတွေထက် အလုပ်အကိုင် အခွင့်အလမ်း ပိုများတဲ့ မြို့ပေါ်ကို ပြောင်းရွှေ့လာပေမဲ့လည်း ခုထိ အိမ်ရှာမရဖြစ်နေတယ်လို့ မြောက်ဦးမြို့ကို ပြောင်းရွှေ့လာသူတယောက်က ပြောပါတယ်။
“သာမန်အိမ်လေး နည်းနည်းပြို ပျက်စီးနေတာပေါ့နော်၊ မိုးတွေယိုတယ်၊ အဲလိုအိမ်တွေဆို အနည်းဆုံး တလုံး ၃ သိန်းလောက်ရှိတယ်။ ၃ သိန်းဆိုပေမဲ့ ကျနော်တို့ ၃ သိန်းနဲ့ အဲဒီအိမ်ကို ရနိုင်လားဆိုတော့ မရနိုင်ဘူး။ လူတွေက အရမ်းများတယ် ဆိုတော့လေ၊ ကျနော်တို့ ရှာလို့မတွေ့နိုင်ဘူး။ အိမ်ရှာနေတာတော့ ကျနော်တို့ တလကျော် ၂ လလောက်တော့ ရှိပြီ။ ကိုယ်နေထိုင်ဖို့အတွက် အဆင်ပြေတဲ့အိမ်တွေကို ရှာမတွေ့သေးဘူး။ နေရတဲ့အိမ်နဲ့ ပေးရတဲ့ဈေးနဲ့ မမျှတဘူးပေါ့နော်။ အိမ်တော့တွေ့တယ်၊ ဈေးက အဆမတန်များနေတယ် ဆိုတော့ အဲ့အိမ်ကို မငှားဖြစ်ဘူး။”
အိမ်ငှားခတွေ ဈေးနှုန်းမြင့်တက်လာနေရတာဟာ စစ်အာဏာရှင်တပ်ရဲ့ စစ်အင်အားတိုးမြှင့်လာတာ၊ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတာတွေကြောင့် နေရပ်စွန့်ခွာသူတွေ အလုံးအရင်းနဲ့ ရောက်ရှိလာတာကြောင့် ဖြစ်ပါတယ်။
တဖက်မှာလည်း ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ နေအိမ်ပြုပြင်စရိတ်တွေကြောင့် အိမ်ရှင်တွေအနေနဲ့ ဈေးတင်ပြီး ငှားရမ်းရတဲ့ အခြေအနေကို ရောက်ရှိနေတာပါ။
လူမှုကူညီရေး လုပ်ဆောင်နေသူတယောက်က “အဓိကတော့ စစ်ဘေးရှောင်တွေ များလာတာပေါ့လေ။ နောက်တခုက ကုန်ဈေးနှုန်း အဆမတန် ကြီးလာတဲ့အခါမှာ အိမ်ပိုင်ရှင်တွေကလည်း သူတို့ရဲ့ စားဝတ်နေရေး ပြဿနာကို ဖြေရှင်းဖို့အတွက် အဲဒီအိမ်တွေကို ဈေးမြှင့်ပြီးတော့မှ အဲလိုမျိုး ငှားကြတာလည်း ရှိတယ်။ တဖက်မှာလည်း အိမ်ပိုင်ရှင်တွေ အနေနဲ့ကလည်း အိမ်မှာ ပစ္စည်းတခုခု ပျက်စီးသွားလို့ရှိရင် ပြန်ဝယ်ထည့်ဖို့၊ ပြန်ပြီးတော့မှ ပြင်ဆင်ဖို့ စရိတ်ကလည်း တော်တော်လေးကြီးတဲ့အခါမှာ သူတို့ရဲ့ တောင်းထားတဲ့စျေးနှုန်းက သူတို့ မိသားစုတခုနဲ့ တွက်ကြည့်လိုက်လို့ရှိရင် အဆင်ပြေတဲ့ အနေအထား ဆိုပြီးတော့ အဲလိုမျိုး သတ်မှတ်တဲ့ဟာလေး ရှိတယ်ပေါ့လေ။ ဒီဒေသ အစိုးရကနေပြီးတော့မှ အိမ်စျေးနှုန်းတွေကို ဘယ်လောက်ထက် အောက်နိမ့်ပြီးတော့မှ ငှားရမယ်ဆိုတဲ့ ပုံစံမျိုး၊ အဲလိုမျိုးလုပ်ထားရင်တော့ ပိုအဆင်ပြေမယ်ထင်တယ်” လို့ ပြောပါတယ်။
ဒါကြောင့် အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ အိမ်ငှားရမ်းခတွေ အဆမတန် ကြီးမြင့်နေတာကို သေချာစိစစ်ပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့နှုန်းထားတခု အမြန်ဆုံး သတ်မှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်က စစ်ဘေးရှောင်တွေဟာ နေထိုင်ရေးနဲ့ စားဝတ်နေရေး အကျပ်အတည်းတွေကြားမှာ အသက်ရှင်ရပ်တည်နိုင်ဖို့ ကြိုးစားရုန်းကန်နေကြရပါတယ်။











