
ရန်ကုန်-မန္တလေးအမြန်လမ်း အုတ်တွင်းမြို့နယ် ရွှေလောင်းကျေးရွာထဲကို စက်တင်ဘာ ၁၅ ရက် မနက် ၈ နာရီ ဝင်ရောက်လာတဲ့ စစ်ကြောင်းပစ်ခတ်မှုကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင် ခဲ့ရပြီး ၇ ယောက် သေဆုံး၊ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒေသတယောက်က "ရွာထဲဝင်လာတဲ့ စစ်ကြောင်းက သေနတ်နဲ့ပစ်တယ်၊ လက်နက်ကြီးနဲ့ပစ်လို့ ရွာသား ၇ ယောက်သေတယ်၊ ၂ ယောက် ဒဏ်ရာရတယ်။ စစ်တပ်က ဒီမနက်အထိ ရွာမှာ ရှိနေတုန်းပဲ၊ ရွာကသူတွေအားလုံး ဘေးရွာတွေမှာရှောင်နေရတယ်" လို့ ပြောပါတယ်။
စက်တင်ဘာ ၁၆ ရက် မနက်အထိ အာဏာရှင်စစ်တပ်က ရွှေလောင်းကျေးရွာမှာ တပ်စွဲထားတဲ့ အတွက် လူမှုကူညီရေးအသင်းတွေက ဒေသခံတွေကို ဘေးလွတ်ရာ ကယ်ထုတ်နေရတယ်လို့ လူမှုကူညီရေးအသင်းနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“စစ်တပ်က ပစ်လို့ ရွာခံတွေ သေတာရော၊ စစ်ကြောင်းက ရွာကမထွက်သေးတော့ ရွာခံတွေက မပြန်ရဲဘူး။ သူတို့ကို လူမှုကူညီရေးအသင်းတွေက ဇီးပင်သာနဲ့ပိတောက်ပင်က ဘုန်းကြီးကျောင်း တွေမှာ စုရပ်လုပ်ပြီး ဘေးလွတ်ရာကို ရွှေ့ပေးနေတယ်"လို့ ပြောပါတယ်။
လက်ရှိအခြေအနေအထိ ရွှေလောင်းကျေးရွာထဲရှိနေတဲ့ စစ်ကြောင်းက ရန်ကုန်- မန္တလေး အမြန်လမ်မကြီး မိုင်တိုင် ၁၄၄ / ၄ ဖာလုံ ကို အင်အားအများအပြား ချထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်ကလည်း ရွှေလောင်းကျေးရွာမှာ စစ်အာဏာရှင်တပ် နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့တာလည်း ရှိပါတယ်။











