DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် လေကြောင်းအန္တရာယ် အထူးသတိပြုရန် ဒေသန္တရအမိန့် ထုတ်ပြန်
DVB
·
March 14, 2026
ရခိုင်တွင် လေကြောင်းအန္တရာယ် အထူးသတိပြုရန် ဒေသန္တရအမိန့် ထုတ်ပြန်
Donate to DVB

ရခိုင်ပြည်နယ်က အာရက္ခတပ်တော်ထိန်းချုပ်မြို့နယ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေဆဲ မြို့နယ်တွေမှာ စစ်ကောင်စီက လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်လာနေတာကြောင့် လေကြောင်း အန္တရာယ် အထူးသတိပြုကြဖို့နဲ့ လိုက်နာရမဲ့ စည်းကမ်းတွေကို ဒေသန္တရအမိန့် ထုတ်ပြန် နေတယ် လို့ ဒေသခံတွေဆီက သိရပါတယ်။

မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်တို့အပါအဝင် အာရက္ခတပ်တော်ထိန်းချုပ်မြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်နေတုန်း နေထိုင်ရမဲ့ အသိပေးချက်တွေနဲ့ အန္တရာယ်ကနေ ကာကွယ် ရှောင်ရှားနိုင်ဖို့ အချက် ၈ ချက်ပါတဲ့ စည်းကမ်းချက်တွေကို ဒေသန္တရအမိန့် ထုတ်ပြန် လိုက်တယ် လို့ ဒေသခံတွေက ပြောပါတယ်။

ထုတ်ပြန်တဲ့ အချက်တွေထဲမှာ လူနေခြံဝန်းတွေမှာ ဗုံးခိုကျင်းတွေတူးဖို့၊ လျှပ်တပြတ် ဖြစ်ပေါ်လာတဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ပုန်းခိုနိုင်စေဖို့ အိမ်ခြံပတ်လည်က ရေစီးမြောင်း တွေကို တူးဖော်ရှင်းလင်းထားဖို့၊ လေယာဉ်သံကို မကြားစေနိုင်တဲ့ အသံချဲ့စက်တွေကို ဆူညံ အောင် မဖွင့်ဖို့၊ အိတ်ဇောမပါတဲ့ ကား/ဆိုင်ကယ်တွေကို မောင်းနှင်ခြင်းမပြုဖို့နဲ့ နားကြပ်တပ် ပြီး ဖုန်းအသုံး မပြုဖို့ စတဲ့ အချက်ပါရှိပါတယ်။

ဒါအပြင် စတိတ်ရှိုးအပါအဝင် ပျော်ပွဲရွှင်ပွဲတွေ၊ ပွဲလမ်းသဘင်တွေကို လူစုလူဝေးနဲ့ စုရုံး ကျင်းပတာ မလုပ်ဖို့၊ အိပ်စက်အနားယူတာကို အတတ်နိုင်ဆုံး အိမ်အောက်ထပ်မှာ ပြုလုပ်ဖို့၊ ညဉ့် ၁၀ နာရီကနေ မနက် ၄ နာရီအတွင်း မီးမထွန်းဖို့၊ မီးလောင်ရင် မီးသတ်ကားတွေ ဝင်ထွက် သွားလာနိုင်ဖို့ လမ်းတလျှောက်က ဆိုင်အဖီအတွဲတွေကို ဖယ်ရှားရှင်းလင်းထားဖို့နဲ့ ရပ်ကွက် ကျေးရွာအတွင်း မသင်္ကာဖွယ်ရာ လူပုဂ္ဂိုလ်တွေနဲ့ သူတို့ရဲ့ အပြုအမူတွေမှာ သံသယဖြစ်ဖွယ်ရာ တွေ့ရင် နီးစပ်ရာအုပ်ချုပ်ရေးဌာန၊ DELEPS စခန်း၊ ပါတီရုံးတွေဆီ သွားရောက်သတင်းပို့ တိုင်ကြားဖို့လည်း ထုတ်ပြန်ထားပါတယ်။

လေကြောင်းရန် ကာကွယ်နိုင်ဖို့ ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်တွေကို မလိုက်နာရင် ထိထိ ရောက်ရောက်အရေးယူမယ်လို့လည်း ဆိုပါတယ်။

အခုလို စည်ကမ်းတင်းကျပ် သတ်မှတ်လာတာဟာ ပြည်သူတွေအတွက် ကောင်းမွန်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ မြောက်ဦးမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

“လေကြောင်း အန္တရာယ်ကာကွယ်နိုင်ဖို့ မြေပြင်မှာ လုပ်လို့ရနိုင်တဲ့ နည်းလမ်းတွေကို အစိုးရဘက် က ထုတ်ပြန်တိုက်တွန်းထားတာရှိတယ်။ ဒီအချက်တွေက မဖြစ်မနေ လိုက်နာသင့်ပါတယ်။ ဒီဟာ တွေက ပြည်သူ အသက်လုံခြုံဖို့အတွက် အစိုးရဘက်က ထုတ်ပြန်တာဖြစ်တယ်။ ညအချိန်တွေ ဆိုလည်း ဆိုင်ကယ်သံ၊ ကားသံဆူညံတာတွေ၊ ဆောင်းဘောက်တွေဖွင့်ပြီး ပွဲလမ်းသဘင် လုပ်တာ တွေက လေယာဉ်အသံကို မကြားရတော့တဲ့အထိ ဆူညံနေတာကြောင့် အတော်လေးကို အန္တရာယ်များတယ်။ အစိုးရဘက်က စနစ်တကျ ကြပ်မတ်ဖို့လည်း လိုအပ်တယ်”လို့ ပြောပါတယ်။

မတ် ၁၂ ရက် ည ၁၀ နာရီအချိန်က ကျောက်တော်မြို့၊ ကစ္စပနဒီတံတားကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် တံတားပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီဟာ ၂၀၂၆ ခုနှစ်အတွင်း ရခိုင်က မြို့၊ ရွာတွေကို ညအချိန်မှာ လေကြောင်းက ပိုပြီး တိုက်ခိုက်လာနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013