
အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို အမြန်ဆုံးရပ်တန့်ကြဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ စီးပွားရေးဝန်ကြီးတွေက မတ် ၁၃ ရက် သောကြာနေ့မှာ တောင်းဆိုလိုက်ပါတယ်။
စစ်ပွဲကြောင့် ရေနံဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတာနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်ကုန်တာဟာ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ စီးပွားရေးအပေါ် တိုက်ရိုက် သက်ရောက် နေပြီလို့လည်း ဝန်ကြီးတွေက ပြောပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့ဟာ စီးပွားရေးထိခိုက်မှုတွေကို လျှော့ချနိုင်ဖို့ အရေးပေါ် တုံ့ပြန် ဆောင်ရွက်မှုတွေကို စတင်လုပ်ဆောင်နေပါတယ်။
အစိုးရတွေအနေနဲ့ စွမ်းအင်အသုံးစရိတ် လျှော့ချရေး၊ ပြည်တွင်းစျေးကွက်တည်ငြိမ်ရေးနဲ့ ခရီးသွား လုပ်ငန်းလို ထိခိုက်လွယ်တဲ့ စီးပွားရေးကဏ္ဍတွေကို ကာကွယ်ဖို့ လုပ်ဆောင်နေကြပါတယ်။
အကျပ်အတည်းဆိုင်ရာ အထူးအရေးပေါ် အစည်းအဝေးအပြီး လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာလာဇာရိုက"ကျမတို့ဟာ အရှေ့အလယ်ပိုင်းအခြေအနေနဲ့ ဒေသတွင်းအပေါ် ရိုက်ခတ်မှုတွေအတွက် အလွန်အမင်း စိုးရိမ်မိပါတယ်။ ဒါကြောင့် တိုက်ခိုက်မှု တွေကို ချက်ချင်းရပ်တန့်ဖို့ အလေးပေး ပြောကြားလိုပါတယ်" လို့ ဆိုပါတယ်။
ဒါ့အပြင် သက်ဆိုင်သူအားလုံးအနေနဲ့ အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့လည်း အာဆီယံက တိုက်တွန်းထားပါတယ်။
ဒီနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံက အီရန်ပဋိပက္ခ ပိုမိုနက်ရှိုင်းလာတာကို စိုးရိမ်တဲ့အတွက် ဒီအထူးအစည်းအဝေးကို ခေါ်ယူခဲ့တာပါ။
အစည်းအဝေးမှာ ဝန်ကြီးတွေက ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှု လမ်းကြောင်းတွေကို ဆက်လက် ဖွင့်ထားဖို့နဲ့ စီးပွားရေးထိခိုက်မှုတွေကို သက်သာစေမဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုစနစ်တွေ စတင်အသုံးပြုဖို့ တောင်းဆိုခဲ့ကြပါတယ်။
လက်ရှိမှာတော့ ကမ္ဘာ့ရေနံစိမ်းဈေးဟာ တစည်ကို အမေရိကန်ဒေါ်လာ ၁၀၀ နီးပါးအထိ မြင့်တက် နေပါတယ်။
ဒါဟာ အီရန်ခေါင်းဆောင်အသစ် မိုဂျ်တာဘာခါမေနီက ကမ္ဘာ့ရေနံထောက်ပံ့မှု ၅ ပုံ ၁ ပုံ ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ပိတ်ထားမယ်လို့ ပြောကြားထားတာကြောင့် ရေနံထောက်ပံ့မှုအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာခြင်းကြောင့် ဖြစ်ပါတယ်။
Source: Reuters











