DVB Logo
Home
မြန်မာသတင်း
လက်ဆင့်ကမ်း ပခုံးပြောင်းတာဝန်ပေးသွားမည်ဟု စစ်ခေါင်းဆောင်ပြော
DVB
·
March 14, 2026
လက်ဆင့်ကမ်း ပခုံးပြောင်းတာဝန်ပေးသွားမည်ဟု စစ်ခေါင်းဆောင်ပြော
Donate to DVB

နိုင်ငံရေးအစိုးရတွေဟာ  ရွေးချယ်တင်မြှောက်ခံရသူတွေဖြစ်တာကြောင့် သတ်မှတ်ကာလအလိုက် ပြောင်းလဲမှုတွေရှိပေမဲ့ စစ်တပ်အနေနဲ့ အစိုးရတွေလို  ပြောင်းလဲမှာမဟုတ်ဘဲ လက်ဆင့်ကမ်း ပခုံးပြောင်း တာဝန်ပေးသွားမယ်လို့  အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။

မတ် ၁၃ ရက် နေ့လယ်က နေပြည်တော်၊ ဇေယျာသီရိဗိမာန်၊ သဘင်ဆောင်ခန်းမမှာ ပြုလုပ်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ သြဝါဒခံယူပွဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။

"နိုင်ငံရေးအစိုးရများအနေဖြင့် ရွေးချယ်တင် မြှောက်ခံရသူများဖြစ်ပြီး သတ်မှတ်ကာလများ အလိုက် ပြောင်းလဲနေမည်ဖြစ်သော်လည်း တပ်မတော်အနေဖြင့် အစိုးရများကဲ့သို့ ပြောင်းလဲမည် မဟုတ်ဘဲ လက်ဆင့်ကမ်းတာဝန်များကို ပခုံးပြောင်းတာဝန် ပေးသွားမှာလို့ တပ်မတော်ကို အင်အား တောင့်တင်းပြီး စွမ်းရည်ထက်မြက်ခေတ်မီသည့် တခုတည်းသော မျိုးချစ်တပ်မတော် ဖြစ်အောင် ကြိုးစားကြဖို့ " စစ်ခေါင်းဆောင်က ပြောပါတယ်။

တပ်ချုပ်တာဝန်ယူပြီးနောက် စစ်တပ်အတွက် စစ်ဘက်သုံးလေယာဥ်နဲ့ စစ်ရေယာဥ်တွေ များစွာ ဝယ်ယူ ပေးခဲ့သလို စနစ်တကျကိုင်တွယ်အသုံးပြုဖို့နဲ့ စစ်မှုထမ်းဥပဒေလည်း ထုတ်ပေးခဲ့တဲ့အတွက် ခေတ်မီတပ်မတော်ဖြစ်ရေးနဲ့ အရင်တပ်မတော်အကြီးအကဲတွေရဲ့ ဆုံးမသြဝါဒတွေကို လေးစားကြ ဖို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

“မိမိအနေနဲ့ တပ်မတော်အကြီးအကဲတွေရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် ယုံကြည်စွာနဲ့ လွှဲပြောင်းခြင်းခံခဲ့ရပြီး ၂၀၁၁ ခုနှစ် မတ် ၃၀ ရက်ကစလို့  တာဝန်တွေကို အကောင်းဆုံးဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး တာဝန်ထမ်းဆောင်တဲ့ အချိန်ကစလို့ အရင် တပ်မတော်အကြီးအကဲတွေရဲ့  လမ်းညွှန်ဆုံးမဩဝါဒတွေ မိမိဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေကို ပေါင်းစပ်ကာ အကောင်းဆုံး ဆောင်ရွက်ခဲ့ပြီး တပ်မတော် တိုးတက်ရာတိုးတက်ကြောင်းကို ၁၅ နှစ်တာကာလအတွင်း လုပ်ဆောင်ပေးခဲ့တယ်။”

စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်တွေအရ မကြာခင်ကာလအတွင်း တပ်ချုပ်ရာထူးက အနားယူဖွယ် ရှိနေပြီး အနာဂတ်တပ်ချုပ် ဘယ်သူဖြစ်မလဲဆိုတာကို စစ်ကောင်စီတပ်အတွင်း ထင်ကြေးပေး သုံးသပ်မှုတွေရှိနေတယ်လို့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။

"သြဝါဒခံယူပွဲဆိုတာထက် နှုတ်ဆက်ပွဲပေါ့၊ အဲဒီမတိုင်ခင် ၅ နှစ်တာ လုပ်ဆောင်ချက်တွေ ရှင်းလင်းတဲ့ပွဲလည်း လုပ်ခဲ့တယ်။ သမ္မာစဥ်အရဆို တပ်ချုပ်နေရာကို ညှိနှိုင်းကွပ်ကဲရေးမှူးပဲ ပေးတာ ဒါပေမဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ခန့်လိုက်တဲ့အတွက် သူ့ကိုများ တပ်ချုပ် နေရာပေးမလားဆိုပြီး ထင်ကြေးပေးတာတွေလည်းရှိတယ် ဒုချုပ်စိုးဝင်းကိုတော့ အရင် လူတွေ လုပ်ခဲ့တဲ့အတိုင်းပဲ တပ်ချုပ်နားရင် ဒုချုပ်ပါ ခေါ်သွားမှာ။”

မတ် ၁၆ ရက်မှာ တတိယအကြိမ် လွှတ်တော်အစည်းအဝေး စတင်ခေါ်ယူမှာဖြစ်ပြီး လွှတ်တော် ခေါ်ယူပြီးနောက် ဒုသမ္မတရွေးချယ်ပြီး သမ္မတ ထပ်မံရွေးချယ်ကာ အစိုးရအဖွဲ့ဖွဲ့မှာဖြစ်ပါတယ်။

ဒီနောက် အာဏာသိမ်းစစ်တပ်က ဧပြီလမှာ အာဏာလွဲပေးရမှာဖြစ်လို့  ဒီရက်ပိုင်းအတွင်း တပ်ချုပ် နေရာကို ဘယ်သူကို ပေးမယ်ဆိုတာ ထုတ်ပြန်လာနိုင်တယ်လို့ သတင်းရင်းမြစ်က ခန့်မှန်း ပြောပါတယ်။

မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ တပ်ချုပ်သြဝါဒခံယူပွဲကို ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ ဗိုလ်ချုပ်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်အဆင့်တွေ တက်ရောက်ခဲ့ပြီး ဗိုလ်မှူးချုပ်နဲ့ ဗိုလ်မှူးကြီး တွေကတော့ အွန်လိုင်းကနေ  Video Conferencing နဲ့ တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013