DVB Logo
Home
မြန်မာသတင်း
ကာကွယ်ရေးဝန်ကြီးအဖြစ် ဗိုလ်လက်ယျာကို မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် အတည်ပြု 
DVB
·
March 13, 2026
ကာကွယ်ရေးဝန်ကြီးအဖြစ် ဗိုလ်လက်ယျာကို မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် အတည်ပြု 
Donate to DVB

မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစိုးရရဲ့ ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီးတွေအပါအဝင် ကာကွယ်ရေးဝန်ကြီးအဖြစ် ဗိုလ်လက်ယျာတို့ကို မကွေးဖက်ဒရယ်လွှတ်တော်မှာ မတ် ၁၂ ရက်က ပြုလုပ်ခဲ့တဲ့ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ပုံမှန်အစည်းအဝေးကနေ အတည်ပြုလိုက်တယ်လို့ သိရပါတယ်။

မကွေးတိုင်းအတွင်းလွတ်မြောက်နယ်မြေတခုမှာ ရောက်ရှိနေတဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်တယောက်က “အဲဒီနေ့မှာပြုလုပ်ခဲ့တဲ့ ၁၂ ကြိမ်မြောက် မကွေး ဖက်ဒရယ်ယူနစ်လွှတ်တော်ပုံမှန် zoom meering အစည်းအဝေးကနေ ဒုတိယဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်၊ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးဖိုးကျော် (ခေါ်) ကိုလက်ယျာ၊ ပြည်ထဲရေး ဝန်ကြီးဌာနဝန်ကြီး ဦးကျော်ကျော်ထွန်း၊ စီမံကိန်း ဘဏ္ဍာရေး သယံဇာတနဲ့ စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကိုလတ်၊ ပညာရေးဝန်ကြီးဌာနဝန်ကြီး ဦးကျော်သူရ၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမိုးမင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာနဝန်ကြီး ဆလိုင်းအောင်ဝင်း (ခေါ်) ဦးဆလိုင်းနဲ့ ရှေ့နေချုပ် ဒေါ်မေရီတို့ ၈​ ယောက်ကို လွှတ်တော်က အတည်ပြုလိုက်ပြီး ကတိသစ္စာပြု ကျမ်းကျိန်ဆိုခဲ့ကြတာပါ” လို့ DVB ကို ပြောပါတယ်။

အဆိုပါအစည်းအဝေးမှာ ကြားကာလမကွေးဖက်ဒရယ်ယူနစ်ဝန်ကြီးချုပ်ကနေ မကွေး ဖက်ဒရယ်ယူနစ် ကြားကာလအစီအမံဆိုင်ရာဥပဒေ ပုဒ်မ ၆၂ အရ တင်သွင်းလာတဲ့ ဒုတိယ ဝန်ကြီးချုပ်လောင်းနဲ့ ဝန်ကြီးလောင်းတွေအပြင် အစီအမံဆိုင်ရာဥပဒေပုဒ်မ ၇၇ အရ ရှေ့နေချုပ်လောင်း အမည်စာရင်းကို အစီအမံဆိုင်ရာဥပဒေ ၆၃ အရ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော် လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လွှတ်တော်ရဲ့ သဘောထားရယူပြီး ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြလို့ အခုလို အတည်ပြုနိုင်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းမှာ မကွေးတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေ၊ CSO တွေနဲ့ CDM တွေ စုစုပေါင်း အစုအဖွဲ့ ၈ ဖွဲ့က မြိုင် ပကဖ တာဝန်ခံ ဗိုလ်လက်ျာကို မကွေးဖက်ဒရယ်ယူနစ်ရဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် မဲပေးရွေးချယ်ခဲ့ကြတာလို့ ဆိုပါတယ်။

နတ်မောက်မြို့နယ်အတွင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ရှိသူတယောက်က  “ကျန်တဲ့ဝန်ကြီးတွေကတော့ အရပ်ဘက်အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေးဆိုင်ရာ ဝန်ကြီးတွေမို့လို့ ထွေထွေးထူးထူးမှတ်ချက်မပေးလိုပါဘူး။ ဗိုလ်လက်ယျာ အနေနဲ့ကတော့ သူ့ရဲ့စိုးမိုးနယ်မြေက အခွန်ငွေ ရတာလည်း အများဆုံးဖြစ်ပြီးတော့ လူအင်အား၊ လက်နက်အင်အား၊ ငွေအင်အားလည်း တောင့်တင်းတော့ အခြားအဖွဲ့တွေကိုတောင် ထောက်ပံ့ပေးထားတာတွေ ရှိတယ်ပေါ့ဗျာ။ ကာကွယ်ရေးဝန်ကြီးဖြစ်လာတဲ့အခါမှာလည်း ဆက်ပြီးတော့ သူလုပ်ဆောင်ရမှာက ကျနော်တို့ မကွေးတိုင်းထဲမှာ ကွဲပြားနေတဲ့ တော်လှန်ရေးအဖွဲ့တွေကို အတူပူးပေါင်းပြီး တပ်ပေါင်းစုဖြစ်အောင် အမြန်ဆုံးလုပ်ဆောင်ရလိမ့်မယ်။ နောက်ပြီးမှ စစ်ရေးကိစ္စတွေကို ဖော်ဆောင်သင့်တယ်လို့ မြင်ပါတယ်” လို့ DVB ကို ပြောပါတယ်။

တော်လှန်ရေးအဖွဲ့တွေဘက်က မကွေးဖက်ဒရယ်ယူနစ်ရဲ့ ကာကွယ်ရေးဝန်ကြီးဖြစ်လာသူ ဗိုလ်လက်ျာဟာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ရဲတပ်ဖွဲ့ကနေ CDM ပြုလုပ်ထားသူ တယောက်ဖြစ်ကာ အခုလက်ရှိ ပခုက္ကူခရိုင် ပကဖ‌၊ မြိုင် ပကဖ နဲ့ မကွေး PDF တွေမှာ တာဝန်ခံ ခေါင်းဆောင်အဖြစ် တာဝန်ယူနေသူတယောက် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မကွေးဖက်ဒရယ်ယူနစ်ရဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆို အတည်ပြုခံရတာနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ဗိုလ်လက်ျာကို DVB က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း အခက်အခဲတွေကြောင့် ဆက်သွယ်လို့ မရရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013