DVB Logo
Home
နိုင်ငံတကာ
ဗာတီကန် ကြားဝင်ညှိနှိုင်းမှုဖြင့် ကျူးဘားက အကျဉ်းသား ၅၁ ဦး လွှတ်ပေးမည်
DVB
·
March 13, 2026
ဗာတီကန် ကြားဝင်ညှိနှိုင်းမှုဖြင့် ကျူးဘားက အကျဉ်းသား ၅၁ ဦး လွှတ်ပေးမည်
Donate to DVB

ကျူးဘားနိုင်ငံဟာ ဗာတီကန်နဲ့ သဘောတူညီချက်အရ လာမဲ့ရက်တွေအတွင်း အကျဉ်းသား ၅၁ ယောက်ကို  လွှတ်ပေးသွားမယ်လို့ ကျူးဘား နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၁၂ ရက်မှာ ထုတ်ပြန် ကြေညာပါတယ်။

အကျဉ်းသားလွှတ်ပေးမှုဟာ ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနို ရိုဒရီဂတ်ဇ် ပါရီးလားက ဗာတီကန်စီးတီးမှာ ပုပ်ရဟန်းမင်းကြီး လီယိုနဲ့ တွေ့ဆုံခဲ့အပြီး ၂ ပတ်လောက်အကြာမှာ ပေါ်ပေါက်လာတာပါ။

ကျူးဘားနိုင်ငံဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဆီက ဖိအားတွေကို ပိုခံနေရတဲ့အချိန်လည်း ဖြစ်ပါတယ်။

ကျူးဘားနိုင်ငံခြားရေးဝန်ကြီးဌာနက  “ကျူးဘားနိုင်ငံနဲ့ ဗာတီကန်ကြားမှာ အကျဉ်းသားတွေရဲ့ အခြေအနေကို ပြန်လည်စိစစ်ဖို့နဲ့ ပြန်လွှတ်ပေးဖို့ ကိစ္စတွေအတွက် အစဉ်အလာအရ အမြဲတမ်း အဆက်အသွယ် ရှိခဲ့ပါတယ်။ အခုလည်း နှစ်ဖက်ကြားမှာရှိတဲ့ ရင်းနှီးချောမွေ့တဲ့ ဆက်ဆံရေးနဲ့ စေတနာကို ရှေ့ထားပြီး လာမဲ့ရက်ပိုင်းအတွင်း အကျဉ်းသား ၅၁ ဦးကို လွှတ်ပေးဖို့ ကျူးဘားအစိုးရက ဆုံးဖြတ်လိုက်ပါတယ်” လို့ ပြောပါတယ်။

ဒီလိုလွှတ်ပေးဖို့ ရွေးချယ်ခံရသူတွေဟာ သူတို့ကျခံရမဲ့ ပြစ်ဒဏ်ကာလရဲ့ အတော်များများကို ကျခံပြီးသားဖြစ်သလို အကျဉ်းထောင်ထဲမှာ ရှိနေချိန်အတွင်း ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့ကြသူတွေလို့လည်း ဆိုပါတယ်။

ကျူးဘားအစိုးရဟာ ၂၀၁၀ ပြည့်နှစ်ကတည်းက အကျဉ်းသားပေါင်း ၉,၉၀၅ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၃ နှစ်တာကာလအတွင်း ကျူးဘားနိုင်ငံရဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေအရ တခြားသော ဥပဒေကြောင်းဆိုင်ရာ အကျိုးခံစားခွင့်တွေပေးပြီး အကျဉ်းသားပေါင်း ၁၀,၀၀၀ ကျော်ကို လွှတ်ပေးခဲ့ပါတယ်လို့ ကျူးဘားအစိုးရ ရုပ်သံသတင်းတင်ဆက်သူ ရေနာလ်ဒို ဂိုမက်ဇ်က ပြောပါတယ်။

အစိုးရရဲ့ အဆိုအရ အခုဆုံးဖြတ်ချက်ဟာ ကျူးဘားရဲ့ ရာဇ၀တ်မှု တရားစီရင်ရေးစနစ်အတွင်း ပုံမှန်လုပ်ဆောင်မှုတခုဖြစ်ပြီး လူသားချင်းစာနာမှုကို အလေးထားတဲ့ တော်လှန်ရေးအစဉ်အလာကို ပြသခြင်းလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

အခုတခေါက် လွှတ်ပေးတာဟာ မကြာခင် ကျရောက်တော့မဲ့ အီစတာ ဘာသာရေး ပွဲတော်ရက်တွေနဲ့လည်း တိုက်ဆိုင်နေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013