
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ကစ္ဆပနဒီတံတားနဲ့ ပတ်ဝန်းကျင်ကို စစ်ကောင်စီက ဗုံးကြဲလို့ တံတားပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မတ် ၁၂ ရက် ည ၁၀ နာရီကျော်ခန့်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစီးနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ကြဲချခဲ့တဲ့အတွက် တံတားနဲ့ ပတ်ဝန်းကျင် အဆောက်အအုံတွေ ထိခိုက်ပျက်စီး သွားတယ်လို့ ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
“တံတားက လုံးဝ ပေါက်သွားတယ်၊ တံတားပတ်ဝန်းကျင်မှာရှိတဲ့ အဆောင်တွေ၊ အဆောက်အအုံ တွေ ပြိုပျက် မီးလောင်သွားတယ်။”
လူအိပ်ချိန်မှာ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ အများပြည်သူ သွားလာနေတဲ့ ကစ္ဆပနဒီတံတားနဲ့ ပတ်ဝန်းကျင်ကို အခုလို တိုက်ခိုက်လို့ တံတားပေါက်ပြီး ပျက်စီးသွားတာလို့ နောက်ထပ် မြို့ခံတယောက်ကလည်း ပြောပါတယ်။
“ကျနော်တို့ဆိုရင် အိပ်နေရာက ထပြေးရတယ်၊ ကြောက်လည်း ကြောက်သွားတယ်။ အကုန် တယောက် မကျန် ထွက်ပြေးကြတာပါ။ အသံအကျယ်ကြီး ၂ ကြိမ်ပစ်တယ်။ မီးလောင်တာကို ချက်ချင်းမြင်ရတော့ ပိုလို့ စိုးရိမ်သွားတယ်။”
အလားတူ စစ်ကောင်စီက မတ် ၈ ရက်ကလည်း အမ်းမြို့နယ်၊ ဒါးလက်ချောင်းမှာ အကျဉ်းသားတွေ ထားတဲ့နေရာကို တိုက်လေယာဉ် ၄ စီး၊ Y12 ၄ စီးတို့နဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် စစ်သုံ့ပန်း အကျဉ်းသားအပါအဝင် ၁၁၆ ယောက် သေဆုံးပြီး ၃၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။










