DVB Logo
Home
နိုင်ငံတကာ
ဟန်ဂေရီက ယူကရိန်းဘဏ်ကား ၂ စီးကို ပြန်ပေးပြီး ရွှေနှင့် ငွေသားများ ဆက်ထိန်းသိမ်းထား
DVB
·
March 13, 2026
ဟန်ဂေရီက ယူကရိန်းဘဏ်ကား ၂ စီးကို ပြန်ပေးပြီး ရွှေနှင့် ငွေသားများ ဆက်ထိန်းသိမ်းထား
Donate to DVB

ဟန်ဂေရီနိုင်ငံက သိမ်းဆည်းထားတဲ့ ယူကရိန်းပိုင် သံချပ်ကာ ဘဏ်ငွေသယ်ယာဉ် ၂ စီးကို မတ် ၁၂ ရက်မှာ ပြန်ပေးခဲ့ပေမဲ့ အမေရိကန်ဒေါ်လာ ၈၂ သန်းလောက် တန်ဖိုးရှိတဲ့ ငွေသားနဲ့ ရွှေတွေကိုတော့ ငွေကြေးခဝါချမှု စွပ်စွဲချက်နဲ့ စုံစမ်းစစ်ဆေးနေဆဲဆိုပြီး ဆက်လက်ထိန်းသိမ်းထားတာကြောင့် ဒီလုပ်ရပ်အပေါ် ယူကရိန်းဘက်က “ခိုးယူမှု” လို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်ရဲ့ ရုရှားနဲ့ နီးကပ်တဲ့ ဆက်ဆံရေးကြောင့် ယူကရိန်း-ဟန်ဂေရီ ၂ နိုင်ငံကြား ဆက်ဆံရေး တင်းမာနေတာ ကြာပြီဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က ရွှေနဲ့ ငွေသားတွေ သယ်ဆောင်လာတဲ့ ယူကရိန်းနိုင်ငံသား ၇ ယောက်ကို ဟန်ဂေရီက ဖမ်းဆီးလိုက်တဲ့ အခါမှာတော့ ဆက်ဆံရေးဟာ အဆိုးဆုံး အခြေအနေကို ရောက်သွားခဲ့တာပါ။

ကိယက်ဗ်က ဘူဒါပတ်စ်ကို ယူကရိန်း ဘဏ်ဝန်ထမ်းတွေ တရားဝင် ငွေလွှဲပြောင်းမှု လုပ်ဆောင်နေတာကို ဓားစာခံသဖွယ် ဖမ်းဆီးထားတာဟာ ရပ်ဆိုင်းထားတဲ့ ရေနံတင်ပို့မှုတွေကို ပြန်လည်စတင်ဖို့ ယူကရိန်းကို ဖိအားပေးတာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဖမ်းဆီးခံထားရသူတွေကို နောက်ပိုင်းမှာ ဟန်ဂေရီက ပြည်နှင်ဒဏ်ပေးခဲ့ပြီး မတ် ၆ ရက်မှာ ယူကရိန်းဘက်ကို ပြန်လည်ရောက်ရှိခဲ့ကြပါတယ်။

ယူကရိန်းအစိုးရကတော့ သူတို့သိမ်းဆည်းထားတဲ့ ပစ္စည်းတွေကို ပြန်လည်ပေးအပ်ဖို့ တောင်းဆိုထားပါတယ်။

ဖမ်းဆီးခံခဲ့ရသူတွေရဲ့ ရှေ့နေဖြစ်သူ လိုရန့် ဟော့ဗ်ဗတ်က “ယူကရိန်းဘဏ်ရဲ့ ငွေကြေး သယ်ယူပို့ဆောင်မှုဟာ လုံးဝ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တာပါ။ ငွေတွေကို ဖမ်းဆီးခဲ့တာရော၊ ဆက်ထိန်းသိမ်းထားတာရောက ပြည်တွင်းဥပဒေတင်မက နိုင်ငံတကာဥပဒေကိုပါ ချိုးဖောက်ရာ ရောက်ပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေကို ထိန်းသိမ်းတာနဲ့ ပြည်နှင်ဒဏ် ပေးတာတွေဟာလည်း ဥပဒေနဲ့ မညီပါဘူး။ အိုရှက်ဒ်ဘဏ်ဟာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ရဖို့ ဥပဒေဘက်က ရနိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြုသွားမယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဟန်ဂေရီလွှတ်တော်ကတော့ ဝန်ကြီးချုပ် အော်ဘန်ရဲ့ ဖီဒက်ဇ် ပါတီက တင်ပြထားတဲ့ ဥပဒေတရပ်ကို မတ် ၁၀ ရက်မှာ အတည်ပြုခဲ့ပြီး အဲဒီဥပဒေအရ အခွန်အာဏာပိုင်တွေဟာ ယူကရိန်းပိုင် ရွှေငွေပစ္စည်းတွေကို “စုံစမ်းစစ်ဆေးနေဆဲ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရက်ပေါင်း ၆၀ အထိ ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်။

ဟန်ဂေရီအစိုးရရဲ့ ဝန်ကြီးချုပ်ရုံး အကြီးအကဲ ဂဲရ်ဂယ်လီ ဂူးလ်ယာ့ရှ်က ပြောကြားရာမှာ “ဒီငွေကို သယ်ဆောင်ခဲ့တဲ့ လူတွေဟာ ယူကရိန်း လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့နဲ့ ပတ်သက်မှုရှိတဲ့သူတွေ ဖြစ်တာကြောင့် ဒီငွေရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကို ဒီကိစ္စကို NAV (အမျိုးသားအခွန်အာဏာပိုင်) ရဲ့ စုံစမ်းရေးမှူးတွေက စစ်ဆေးနေပါတယ်။ ယူကရိန်းက ဒီငွေကို လိုအပ်တယ်ဆိုရင် ဒရူးဇ်ဘာ ရေနံပိုက်လိုင်းကို ပိတ်ထားတာကို ပြန်ဖွင့်ပေးရပါမယ်” လို့ ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013