
မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ မတ် ၆ ရက် ညနေပိုင်းက ရဲတပ်ဖွဲ့ဝင်တွေကို PDF တပ်ဖွဲ့က ပစ်ခတ်ခဲ့လို့ နယ်ထိန်းတယောက် သေဆုံးပြီး စခန်းမှူးလည်း ဒဏ်ရာရလို့ ခြေထောက် ဖြတ်ရတယ်လို့ Taungthar People Defence Force (TTA PDF) က မတ် ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။
တောင်သာ PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက “တောင်သာမြို့နယ်ထဲမှာရှိတဲ့ ဝဲလောင်တိုက်နယ် ရဲစခန်းထဲကနေ ညနေ ၆ နာရီဝန်းကျင်လောက်မှာ ရဲစခန်းအပြင်ကို အရက်ထွက်ဝယ်ကြတဲ့ စခန်းမှူး နေမင်းနိုင်နဲ့ နယ်ထိန်း စိုးမြင့်သန်းတို့ ၂ ယောက် ထွက်လာတာကို ကြိုတင်သတင်းရလို့ သူတို့စခန်းနားအထိ သွားရောက်ပစ်ခတ်ခဲ့တာ” လို့ DVB ကို ပြောပါတယ်။
အဆိုပါပစ်ခတ်မှုအတွင်း နယ်ထိန်း စိုးမြင့်သန်း (ခ) ငစိုး (ခ) တက်တူး ကတော့ နေရာမှာတင် သေဆုံးသွားပြီး ဝဲလောင်တိုက်နယ်ရဲစခန်းရဲ့ စခန်းမှူး နေမင်းနိုင် ကတော့ အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
TTA PDF ရဲ့ တာဝန်ခံတယောက်က “ညနေစောင်းရင် အရက်ထွက်ဝယ်နေကျဆိုတာ သတင်းရထားလို့ ကျနော်တို့ရဲဘော်တွေက ရှောင်တခင် ပြောက်ကျားနည်းနဲ့ သွားရောက်ပစ်ခတ်ခဲ့တာပါ။ အရက်ဆိုင်က သူတို့စခန်းရှေ့နားတင်ရှိပြီးတော့ အရက်ဆိုင် မရောက်ခင် ရဲစခန်းရှေ့ အပေါက်နားတင် ပစ်ခတ်နိုင်ခဲ့တာ။ နေရာမှာတင် နယ်ထိန်း ငစိုး သေတာကိုတော့ တန်းပြီးအတည်ပြုလို့ရပေမဲ့ ဒဏ်ရာအပြင်းအထန်ရသွားတဲ့ စခန်းမှူး နေမင်းနိုင်ရဲ့ အခြေအနေကို စောင့်ပြီး ခြေထောက်ဖြတ်လိုက်ရတယ်ဆိုတာ အတည်ပြုနိုင်လို့ အခုမှ သတင်းထုတ်ပြန်ရတာပါ” လို့ ပြောပါတယ်။
ပစ်ခတ်မှုအပြီး ရဲစခန်းအတွင်း ဘန်ကာထဲကနေ ရဲတပ်ဖွဲ့ဝင်တွေဘက်က ပြန်လည်ပစ်ခတ်ခဲ့လို့ နှစ်ဖက်ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့တာကြောင့် ပစ်ခတ်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ G3 သေနတ် တလက်နဲ့ MA3 သေနတ် တလက်တို့ကိုတော့ သိမ်းဆည်းမလာနိုင်ခဲ့ကြဘူးလို့ သိရပါတယ်။
အဲဒီပစ်ခတ်မှုကို TTA PDF တပ်ဖွဲ့ဝင်တွေ လုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး ပစ်ခတ်မှုမှာ ပါဝင်ခဲ့ကြတဲ့ တပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
“ပြည်သူတွေအနေနဲ့ စစ်တပ်လက်အောက်ခံတွေနဲ့ နီးနီးကပ်ကပ် နေထိုင်တာတွေ မလုပ်ကြဖို့ အပြင် အချိန်နေရာမရွေး ပစ်ခတ်မှုတွေ ဖြစ်ပေါ်လာရင်လည်း ဘေးလွတ်ရာ နေရာတွေကို အမြန်ဆုံး ရှောင်ရှားကြဖို့” တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။










