
ကင်ညာနိုင်ငံမှာ အင်းဆက်ပိုးမွှားတွေကို မှောင်ခို ခိုးထုတ်တဲ့အမှုတွေ တိုးလာနေချိန်မှာပဲ နိုင်ရိုဘီမြို့တော်ရှိ အဓိကလေဆိပ်မှာ ခရီးဆောင်အိတ်ထဲမှာ ထည့်လာတဲ့ အရှင်လတ်လတ် ပုရွက်ဆိတ် အကောင်ပေါင်း ၂,၂၀၀ ကျော်ကို ခိုးထုတ်ဖို့ ကြိုးစားခဲ့တဲ့ တရုတ်နိုင်ငံသား တယောက်ကို အခုအပတ်အတွင်း ဖမ်းဆီးမိခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ် တရုတ်နိုင်ငံသား ကျန်းခဲ့ချွင်ကို မတ်လ ၁၀ ရက်က ဂျိုမိုကင်ညာတာ နိုင်ငံတကာလေဆိပ်မှာ နိုင်ငံပြင်ပကို ထွက်ခွာဖို့ ကြိုးစားနေချိန်မှာ ဖမ်းဆီးခဲ့တာလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
သူဟာ မနှစ်တုန်းကလည်း ကင်ညာမှာ ဖမ်းဆီးမှုကို တိမ်းရှောင်ခဲ့ဖူးသူဖြစ်လို့ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက သူ့ရဲ့ပတ်စပို့ပေါ်မှာ “stop order” ပြည်ပထွက်ခွင့် တားမြစ်မိန့် ထုတ်ထားကြောင်း တရားရုံးစာရွက်စာတမ်းတွေမှာ ဖော်ပြထားပါတယ်။
စုံစမ်းစစ်ဆေးရေးမှူးတွေက သူ့အိတ်ကိုစစ်ဆေးရာမှာ ပုရွက်ဆိတ် စုစုပေါင်း ၂,၂၃၈ ကောင်ကို တွေ့ရှိခဲ့ပါတယ်။
စမ်းသပ်ပြွန်တွေထဲ ထည့်ထားတဲ့ ပုရွက်ဆိတ် ၁,၉၄၈ ကောင်နဲ့ ကျန်ပုရွက်ဆိတ်တွေကို တစ်ရှူးစက္ကူလိပ် ၃ ခုထဲမှာ ထည့်ထားခဲ့ပါတယ်။
စုံစမ်းစစ်ဆေးချက်အရ ကျန်းခဲ့ချွင်ဟာ ကင်ညာနိုင်ငံမှာ ၂ ပတ်လောက် နေထိုင်ခဲ့ပြီး ပုရွက်ဆိတ်တွေကို ထောက်ပံ့ပေးခဲ့တဲ့ အဖော် ၃ ယောက်ရှိတယ်လို့ ပြောထားပါတယ်။
အခုလို ပုရွက်ဆိတ်တွေကို ခိုးထုတ်ရတာကတော့ ပုရွက်ဆိတ် ဝါသနာရှင်တွေဟာ “ပုရွက်ဆိတ်အိမ်” လို့ခေါ်ကြတဲ့ အကြည်ပုလင်းကြီးတွေထဲမှာ ပုရွက်ဆိတ်အုပ်စုတွေကို မွေးမြူကြပြီး ပုရွက်ဆိတ်မျိုးစိပ်တွေရဲ့ ရှုပ်ထွေးတဲ့ ဖွဲ့စည်းပုံနဲ့ အပြုအမူတွေကို တိုက်ရိုက်ကြည့်ရှု လေ့လာနိုင်ဖို့အတွက် အချို့က ငွေကြေးအမြောက်အမြားပေးပြီး ဝယ်ယူလေ့ရှိကြပါတယ်။
ကင်ညာ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးဌာနကတော့ ကျန်းခဲ့ချွင်ရဲ့ အိုင်ဖုန်းနဲ့ MacBook ကွန်ပျူတာကိုလည်း သိမ်းဆည်းထားပြီး ဆက်လက်စစ်ဆေးဖို့အတွက် အချိန်ပိုပေးဖို့ တရားရုံးမှာ ခွင့်ပြုချက် တောင်းခံထားပါတယ်။
Source: Reuters










