
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပတ်လည်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒေသခံတွေအတွက် အန္တရာယ်ရှိ နေပေမဲ့လည်း ငွေကြေးမတတ်နိုင်တာကြောင့် စစ်မရှောင်နိုင်ဘဲ ဖြစ်နေရတယ်လို့ မြို့ခံနဲ့ စစ်ရှောင် တွေက ပြောပါတယ်။
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့စစ်တွေမြို့မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲ ပြင်းထန်နေပြီး နေတိုင်းလိုလို လက်နက်ကြီး အပြန်အလှန် ပစ်ခတ်နေကြတာပါ။
ဖေဖော်ဝါရီ ၂၃ ရက်ကစပြီး AA က စစ်တွေမြို့နဲ့ တမိုင်ကျော်အကွာမှာရှိတဲ့ ရွှေမင်းဂံရေတပ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်ရှိ အမြင့်ကျွန်းတပ်စခန်းအပါအဝင် စစ်တပ်စခန်း ၁၂ ခုထက် မနည်းကို တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ပွဲပြင်းထန်လာတာနဲ့အတူ စစ်တွေမြို့တွင်းကိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး လက်နက်ကြီးကြောင့် စစ်တွေမြို့ ဆေးရုံကြီးရှိ ဆေးဝါးသိုလှောင်ရုံ မီးလောင်ပျက်စီးခဲ့တဲ့အပြင် တခြား နေရာတချို့မှာလည်း မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေ ရှိနေသေးတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ဒါကြောင့် စစ်တွေမြို့ခံတချို့ကတော့ လေကြောင်းလိုင်း ပိတ်သွားမှာကို စိုးရိမ်ပြီး ရှောင်တိမ်းနေကြ ပေမဲ့ ငွေကြေး မတတ်နိုင်တဲ့သူတွေကတော့ မြို့တွင်းမှာပဲ ကျန်ရှိနေသေးတယ်လို့ စစ်မရှောင်ဘဲ ကျန်ရှိနေတဲ့ စစ်တွေမြို့ခံတယောက်က ပြောပါတယ်။
“အစ်ကိုတို့ ရပ်ကွက်ထဲမှာ ရှောင်တာတော့ မရှိပါဘူး။ အဓိကကတော့ ငွေကြေးကြောင့်ပေါ့၊ သွားဖို့ လေယာဉ်လက်မှတ်ရယ် နောက်ပြီးတော့ ဟိုကိုရောက်လို့ရှိရင် ဘယ်မှာနေမလဲ၊ ဘယ်လိုစားမလဲ ရှိတာပေါ့၊ အဲဒါကြောင့်ပါ။ ဒီမှာကျန်ခဲ့တဲ့သူတွေ အကုန်လုံးက သေမထူး နေမထူးပေါ့။ ဘယ်မှ သွားစရာမှ မရှိတာ၊ ပိုက်ဆံမရှိတဲ့သူတွေပဲ ကျန်ခဲ့တာလေ။ ဘယ်ကိုပဲသွားသွား ပိုက်ဆံက အရေးကြီးတာလေ။ ပြီးတော့ အဲဒီလွတ်မြောက်နယ်မြေဆိုတဲ့နေရာကို သွားဖို့ကလည်း အဲဒီခရီး စရိတ်ကိုက အနည်းဆုံး သိန်း ၃၀ လောက် သွားမယ်လေ။ ၃၀ အထက်ကိုပဲ ရှိတယ်လေ လူတယောက်ကို။ အဲဒါကြောင့် စစ်မရှောင်တာပါ။ ပိုက်ဆံမတတ်နိုင်တဲ့သူတွေပဲ ကျန်ခဲ့တာပေါ့။ တတ်နိုင်တဲ့သူတွေကတော့ သွားလိုက်လာလိုက်ပါပဲ။”
လက်ရှိမှာ ပြည်သူတွေအနေနဲ့ စစ်တွေမြို့ကနေ ထွက်ဖို့ လေကြောင်းလမ်းကလွဲရင် ရွေးချယ်စရာ မရှိပါဘူး။
လက်ရှိ စစ်တွေ-ရန်ကုန် ခရီးတကြောင်းကို ငွေကျပ် ၇ သိန်းကနေ ၈ သိန်းထိ ရှိနေတဲ့အတွက် တနေ့လုပ်မှ တနေ့စားရတဲ့ နေ့စားတွေနဲ့ စစ်ဘေးရှောင်တွေဟာ ခရီးစရိတ်ကိုတောင် မတတ်နိုင်ဘူး လို့ ဆိုပါတယ်။
ဒါ့အပြင် လေယာဉ်ခရီးစဉ်ကလည်း တပတ်မှာ နှစ်ရက်တည်းရှိတာဖြစ်ပြီး မြို့ကထွက်ချင်တဲ့ ခရီးသည်အင်အားနဲ့ မမျှတာကြောင့် ပိုက်ဆံတတ်နိုင်တဲ့သူတွေတောင် လေယာဉ်လက်မှတ် အလွယ်တကူ ဝယ်မရနိုင်တာကြောင့် စစ်တွေမြို့ခံတွေ စစ်ရှောင်ဖို့ အခက်အခဲကြုံနေကြရတာပါ။
တဖက်မှာလည်း ရခိုင်ပြည်နယ်တွင်းမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်ကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်တွေမြို့ကို စစ်ရှောင်လာကြသူတွေမှာလည်း ပိုဆိုးတဲ့ အခက်အခဲတွေ ရှိနေပါသေးတယ်။
လက်ရှိမှာ စစ်တွေမြို့က ဘုန်းတော်ကြီးကျောင်းတွေမှာ စစ်ဘေးရှောင် အိမ်ထောင်စု ၂,၁၀၂ စု၊ လူဦးရေ ၇,၀၃၉ ယောက် ရှိတယ်လို့ စစ်တပ်ဘက်က ထုတ်ပြန်ထားပါတယ်။
အဲဒီ စစ်ဘေးရှောင်တွေဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ကူညီပေးမဲ့ အဖွဲ့အစည်းတွေဆီက ထောက်ပံ့မှုတွေ မရရှိလို့ စားဝတ်နေရေး ခက်ခဲနေတဲ့အပြင် စစ်ရှောင်ဖို့ဆိုတာက သူတို့အတွက် မဖြစ်နိုင်တဲ့အရာပါလို့ စစ်တွေမြို့မှာ စစ်ဘေးတိမ်းရှောင်နေတဲ့ စစ်ရှောင်တယောက်က ပြောပါတယ်။
“လေယာဉ်လက်မှတ်ဈေးတွေက ၇ သိန်းကျော်နေပါပြီ။ ၇ သိန်းခွဲလို့လည်း ပြောတာ ကြားပါတယ်။ AA ဘက်ကို ရှောင်ဖို့ကလည်း မရှောင်ရဲကြဘူးလေ။ ဘယ်လိုမှကို ထွက်မရတော့ဘူး။ စစ်တပ်က ပတ်ပတ်လည်ကို ဝိုင်းထားတာ။ သွားရင် ဖမ်းတယ်၊ ပစ်သတ်တယ်၊ ဒါကြောင့် ရှောင်တဲ့သူတွေက သိပ်မရှိဘူး။ ခုက ၁၂ တန်း စာမေးပွဲ ရှိသေးတယ်လေ။ အဲဒါပြီးရင် ပိုဆူလာမှာကို အကုန်လုံးက စိုးရိမ်နေကြတာပါ။ ပစ်နေတာကတော့ နေ့တိုင်းနီးပါးပါပဲ။ တရက်မှကို အေးဆေး အိပ်ရတယ် မရှိပါဘူး။ စစ်မရှောင်နိုင်တာကတော့ ငွေကြေးမတတ်နိုင်လို့ပါ။ ထွက်လို့မှမရတာ။ တကယ်လို့ စစ်ဖြစ်ခဲ့ရင် ဒီအတိုင်းသေသွားရမဲ့ အခြေအနေပါ။ ခုဆို စစ်တွေမြို့ထဲမှာ လမ်းသွားလမ်းလာတွေ တောင် မရှိသလောက်ကို နည်းနေတာပါ။”
လက်ရှိ စစ်တွေမြို့မှာ စစ်ဘေးရှောင်တွေနဲ့ စစ်တွေမြို့ခံတွေဟာ ကုန်စည်စီးဆင်းမှု၊ ခရီးသွားလာ ခွင့်တွေ ပိတ်ဆို့ခံထားရပြီး အများစုမှာ စားဝတ်နေရေး ကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
ကေခိုင်










