
သဘာဝဓာတ်ငွေ့ရည်(LNG) ဖြန့်ဖြူးတာ လျော့နည်းလာမှုနဲ့ ပတ်သက်ပြီး အိန္ဒိယရဲ့ အဓိက အတိုက်အခံပါတီရဲ့ အမျိုးသမီးအဖွဲ့ဟာ မတ် ၁၁ ရက်က နယူးဒေလီမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။
အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်လာတဲ့ စွမ်းအင်ပြဿနာတွေကြားမှာ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနဲ့ သူ့ရဲ့အစိုးရဟာ ပြည်သူတွေအတွက် လုံလောက်တဲ့ သိုလှောင်မှုတွေကို ထိန်းသိမ်းရာမှာ ပျက်ကွက်ခဲ့တယ်လို့ ဆန္ဒပြသူတွေက ပြောဆိုကန့်ကွက်ခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံရဲ့ အဓိကအတိုက်အခံ ကွန်ဂရက်ပါတီအမျိုးသမီးအဖွဲ့ရဲ့ ဥက္ကဋ္ဌ အယ်လ်ကာလမ်ဘာက အစိုးရအနေနဲ့ ပြတ်လပ်မှုကြောင့် နိုင်ငံထဲမှာဖြစ်လာတဲ့ ရှုပ်ထွေးမှုအကြောင်းကို သဘော မပေါက်ဘူးလို့ ပြောပါတယ်။
အဖွဲ့ဝင်တွေက ဆိုင်းဘုတ်တွေကိုင်ပြီး လမ်းတွေတလျှောက် လျှောက်လှမ်းနေချိန်မှာ ဝန်ကြီးချုပ် အန္တရာယ်ကျရောက်နေပြီလို့ ကြွေးကြော်ခဲ့ကြပါတယ်။
ဓာတ်ငွေ့ရည် LNG ကို အိန္ဒိယတနိုင်ငံလုံးမှာ ချက်ပြုတ်တဲ့ ဓာတ်ငွေ့အဖြစ် သုံးကြပါတယ်။
ဖက်ဒရယ်ရေနံဝန်ကြီးဌာနရဲ့ တွဲဖက်အတွင်းရေးမှူး ဆူဂျာတာရှားမားက အိန္ဒိယဟာ တခြားရင်းမြစ် တွေကနေ ရေနံစိမ်းနဲ့ ဓာတ်ငွေ့ရည် အထောက်အပံ့တွေကို စီစဉ်နေပြီး ဓာတ်ငွေ့ရည် တင်လာတဲ့ ကုန်သင်္ဘော ၂ စင်း ရောက်လာမယ်လို့ သတင်းစာရှင်းလင်းပွဲတခုမှာ ပြောခဲ့ပါတယ်။
ရေနံချက်စက်ရုံတွေကနေ ချက်ပြုတ်ဓာတ်ငွေ့ထုတ်လုပ်မှုကို အများဆုံးတိုးမြှင့်ဖို့ အစိုးရက မကြာသေးမီက အမိန့်ထုတ်ပြီးတဲ့နောက် နိုင်ငံတွင်း ဓာတ်ငွေ့ရည်ထုတ်လုပ်မှု ၂၅ ရာခိုင်နှုန်း မြင့်တက် လာတယ်လို့လည်း သူက ပြောပါတယ်။
ကမ္ဘာ့ဒုတိယအကြီးဆုံး ဓာတ်ငွေ့ရည် တင်သွင်းသူ အိန္ဒိယက ရေနံချက်စက်ရုံတွေကနေ ထုတ်လုပ်မှု တိုးမြှင့်ရေး အမိန့်ပေးဖို့ အရေးပေါ်အာဏာတွေကို သုံးခဲ့ပေမဲ့ ထောက်ပံ့မှုက ကျပ်တည်းနေဆဲ ဖြစ်ပြီး အစားအသောက်စာရင်းကို အမြန်ပြောင်းဖို့ ဖိအားပေးခဲ့တယ်လို့ စားသောက်ဆိုင်တွေနဲ့ တည်းခိုခန်းတွေက ပြောခဲ့ပါတယ်။
ဓာတ်ငွေ့ရည် ပိုကြာကြာ သုံးနိုင်အောင် စားသောက်ဆိုင်တွေက လောင်စာနည်းနည်းပဲ သုံးဖို့လိုတဲ့ ရိုးရှင်းတဲ့ အစားအစာတွေကို ပြောင်းလဲ တည်ခင်းခဲ့ပါတယ်။
အီရန်စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြားနဲ့ ပင်လယ်ကွေ့ကတဆင့် သင်္ဘောသွားလာမှုကို ထိထိ ရောက်ရောက် ရပ်တန့်လိုက်ပြီးတဲ့နောက် ထောက်ပံ့မှု အကျပ်အတည်း ဆိုက်ခဲ့ပါတယ်။
Source: Reuters










