မလေးရှားနိုင်ငံပိုင် ရေနံနဲ့ဓာတ်ငွေ့ ကုမ္ပဏီ ပေထရိုနပ်စ်ဟာ ဂျပန်အသုံးအဆောင်ကုမ္ပဏီ JERA နဲ့ နှစ် ၂၀ သဘောတူညီချက်အရ တနှစ်ကို သဘာဝဓာတ်ငွေ့ရည် (LNG) တန်ချိန် ၂ သန်း ထောက်ပံ့ပေးသွားမယ်လို့ ၂ နိုင်ငံ ခေါင်းဆောင်တွေက ဇွန် ၁၀ ရက်မှာ ပြောပါတယ်။
အီရန်စစ်ပွဲနဲ့ ဆက်စပ်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ LNG အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ ဂျပန်ရဲ့ စွမ်းအင်သိုက်တွေကို အားဖြည့်ဖို့ ကြိုးစားနေချိန်မှာ ခုလို သဘောတူခဲ့တာဖြစ်ပြီး ၂၀၂၈ ခုနှစ်မှာ စတင်မှာပါ။
နိုင်ငံတကာ စွမ်းအင်အခြေအနေမှာ မရေမရာမှုတွေ တိုးလာချိန်မှာ ဂျပန်နိုင်ငံကို ဓာတ်ငွေ့ရည်တွေ တည်တည်ငြိမ်ငြိမ် ထောက်ပံ့သူတွေထဲက တနိုင်ငံဖြစ်တဲ့ မလေးရှားနဲ့ ပူးပေါင်းဆောင်ရွက်မှုက ပိုအရေးကြီးလာတယ်လို့ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်နဲ့ တွေ့အပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
အန်ဝါဟာ ဂျပန်မြို့တော် တိုကျိုကို ၃ ရက်ကြာ အလုပ်သဘော ခရီးစဉ်အတွင်း အစိုးရနဲ့ စက်မှုလုပ်ငန်း အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
၂ နိုင်ငံကြား ဓာတ်မြေဩဇာကုန်ကြမ်းတွေ တည်တည်ငြိမ်ငြိမ် ထောက်ပံ့ဖို့နဲ့ အရေးကြီးတဲ့ သတ္တုထောက်ပံ့ရေး ကွင်းဆက်တွေကို ခိုင်မာအားကောင်းစေဖို့ အတူတကွ ဆောင်ရွက်ကြဖို့ကိုလည်း သဘောတူခဲ့ကြတယ်လို့ တာကာအိချိက အသေးစိတ်မဖော်ပြဘဲ ပြောခဲ့ပါတယ်။
၂ နိုင်ငံဟာ ရင်းဂစ်နဲ့ ယန်းငွေတွေကိုသုံးပြီး ကုန်သွယ်မှုမြှင့်တင်ဖို့အပြင် ဉာဏ်ရည်တု AI၊ တပိုင်းလျှပ်ကူးပစ္စည်းတွေ၊ ကာကွယ်ရေးနဲ့ တခြား စွမ်းအင်အစီအစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းသွားမယ်လို့ အန်ဝါက ပြောပါတယ်။
Source: Reuters











