
အမေရိကန်၊ အစ္စရေးတို့နဲ့ ဖြစ်ပွားနေတဲ့စစ်ပွဲ ရှည်ကြာလာရင် ကမ္ဘာ့စီးပွားရေးကြီးတခုလုံး ပျက်စီးသွားနိုင်တယ်လို့ အီရန်က သတိပေးလိုက်ပါတယ်။
အီရန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူက “ဒေသတွင်း လုံခြုံရေးကို ခင်ဗျားတို့က ဖျက်ဆီးလိုက်တဲ့ အတွက် ရေနံတစည်ကို ဒေါ်လာ ၂၀၀ အထိ ဖြစ်လာဖို့ ပြင်ထားကြပါ”လို့ မတ် ၁၁ ရက်မှာ အမေရိကန်ကို ရည်ရွယ် ပြောဆိုခဲ့ပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရဲ့ အကြံပေး အလီဖာဒါဗီကလည်း အမေရိကန်နဲ့ ကမ္ဘာ့စီးပွားရေးကို ဖျက်ဆီးပစ်မဲ့ ရေရှည်စစ်ပွဲ ဖြစ်လာနိုင်ခြေကို ထည့်သွင်းစဉ်းစားရမယ်လို့ ရုပ်သံကနေ ပြောပါတယ်။
မတ် ၁၁ ရက်က ပင်လယ်ကွေ့နဲ့ ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘော ၆ စီး တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီအထဲက အီရတ်ရေပိုင်နက်ထဲမှာ ရေနံတင်သင်္ဘော ၂ စင်းတိုက်ခိုက်ခံရလို့ သင်္ဘောသားတယောက် သေဆုံးခဲ့သလို အီရတ်ရေနံဆိပ်ကမ်းတွေလည်း လည်ပတ်မှု ရပ်နားလိုက်ရပါတယ်။
ဒီလိုတိုက်ခိုက်မှုဟာ နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) ရဲ့ အရန်ရေနံထုတ်သုံးမဲ့ ကြေညာချက်အပေါ် အီရန်က ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်တာလို့ လေ့လာဆန်းစစ်သူ တိုနီဆစ်ကာမိုးက သုံးသပ်ထားပါတယ်။
ကမ္ဘာ့ရေနံ ၅ ပုံ ၁ ပုံ ဖြတ်သန်းသွားလာနေတဲ့ ရေလက်ကြားကို အပြည့်အဝ ထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့ အီရန်ဘက်က ဆိုပါတယ်။
စစ်ပွဲစတင်ပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသတဝန်းမှာ အီရန်နဲ့ လက်ဘနွန်နိုင်ငံသား အများစု အပါအဝင် လူ ၂,၀၀၀ နီးပါး သေဆုံးခဲ့ပါတယ်။
သေဆုံး၊ ဒဏ်ရာရသူတွေထဲမှာ ကလေးငယ် ၁,၁၀၀ ကျော် ပါဝင်တယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ထားပါတယ်။
Source: Reuters










