
ကမ္ဘောဒီးယား အမျိုးသားရဲတပ်ဖွဲ့က ဖနွမ်းပင်မြို့တော်က လိမ်လည်မှုစင်တာတခုကို တညလုံး ဝင်ရောက်စီးနင်းခဲ့ပြီး သံသယရှိသူ ၆၅ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က မတ် ၁၁ ရက်မှာ ပြောပါတယ်။
မတ် ၁၀ ရက်က Golden One အဆောက်အအုံမှာ ဖမ်းဆီးခံခဲ့ရတဲ့ သံသယရှိသူတွေထဲမှာ တရုတ်ဂိုဏ်းခေါင်းဆောင်လို့ ယူဆရသူ ၈ ယောက်နဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၅၇ ယောက် ပါတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဥရောပမှာရှိတဲ့ သားကောင်တွေကို ဆက်သွယ်ဖို့ သုံးတယ်လို့ စွပ်စွဲခံရတဲ့ မိုဘိုင်းဖုန်းတွေနဲ့ ဆင်းမ်ကတ် အများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အတုအယောင် ရဲတံဆိပ်တွေနဲ့ ဉာဏ်ရည်တု AI ကိုသုံးပြီး ဖန်တီးထားတဲ့ မှတ်ပုံတင်ကတ်တွေလည်း သိမ်းမိတယ်လို့ ရဲတွေက ပြောပါတယ်။
အခုနှစ်အစောပိုင်းမှာ နိုင်ငံဖြတ်ကျော် လိမ်လည်မှုကို နှိမ်နင်းရာမှာ ကမ္ဘောဒီးယားဟာ လိမ်လည်မှုစင်တာ ၂၀၀ နီးပါးကို ပိတ်ပစ်ခဲ့တယ်လို့ အကြီးတန်းအစိုးရအရာရှိက ပြောပါတယ်။
ကမ္ဘာတဝန်းက လူတွေကို ပစ်မှတ်ထားတဲ့ ရှုပ်ထွေးတဲ့ လုပ်ငန်းတွေကို ကိုင်တွယ်ဖြေရှင်းနေကြောင်း ပြဖို့ စင်တာတခုဆီကို ဝင်ရောက်ခွင့် အာဏာပိုင်တွေက ရှားရှားပါးပါး ပေးခဲ့ပါတယ်။
Source: Reuters










