DVB Logo
Home
မြန်မာသတင်း
ဝက်လက်နှင့် ထီးချိုင့်တွင် စစ်တပ်တိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံး 
DVB
·
March 12, 2026
ဝက်လက်နှင့် ထီးချိုင့်တွင် စစ်တပ်တိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံး 
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ လှ‌‌တောကျေးရွာ လှတောရဲစခန်းရှိ အထိုင်စစ်တပ်က မတ် ၁၀ ရက် ညနေ ၅ နာရီလောက်မှာ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး ကလေးတယောက် အပါအဝင် ၂ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ရပ်ကွက်နေ ပြည်သူတယောက်က “တလုံးက ဆန်စက်အဟောင်း အမှိုက်ပုံထဲကျတယ်။‌‌ ပေါက်ကွဲသံ ကြားလို့ ကလေး‌တွေဆွဲခေါ်ပြီး အိမ်ထဲဝင်တော့ တလုံးထပ်ကွဲတယ်၊ ဘယ်ကျကွဲတယ် မသိရဘူး” လို့ ပြောပါတယ်။

အသက် ၁၃ နှစ်အရွယ် ကလးတယောက်က ဗိုက်၊ ဦး‌‌ခေါင်းနဲ့‌ ခြေထောက်ကို ထိမှန်ခဲ့ပြီး အသက် ၂၀ အရွယ် လူရွယ်တယောက်ကတော့ ပါးနဲ့ ခြေထောက်ကို ထိမှန်ခဲ့တာလို့ သိရပါတယ်။

အဆိုပါကလေးနဲ့ ဆွေမျိုးတော်စပ်သူတယောက်က “အိမ်ဝိုင်းထဲ စိုက်ထားတဲ့ ကုက္ကိုပင်အပေါ်ကျပြီး အပေါ်မှာပဲကွဲတာ၊‌ အောက်မှာ‌ဆော့‌နေတဲ့ က‌လေးကို မှန်တာပဲ၊ အခု ဆေးရုံတင်ထားရတယ်၊ အခြေအနေ မသိရသေးဘူး” လို့ ပြောပါတယ်။

လှတောရဲစခန်းအတွင်းမှာ ၂၀၂၂ ကတည်းက စစ်တပ်က အထိုင်စခန်းချခဲ့တာဖြစ်ပြီး လူနေရပ်ကွက်နဲ့ (တြိဂံကွေ့) ရွှေဘို၊ မန္တ‌လေး၊ ဝက်လက်လမ်းဆုံတို့ကို လက်နက်ကြီးနဲ့ မကြာမကြာ ပစ်ခတ်နေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းက ကျေးရွာတွေကိုလည်း စစ်ကောင်စီတပ်က မတ် ၈ ရက်ကနေ ၁၀ ရက်အထိ ၃ ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီတိုက်ခိုက်မှုတွေဟာ မြေပြင်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ဟုမ္မလင်းနဲ့ တံတားဦးလေတပ်က ဂျက်တိုက်လေယာဉ် ၅ စင်းနဲ့ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲခဲ့တာလို့လည်း သိရပါတယ်။

ထီးချိုင့်ဒေသခံ လူမှုကူညီရေးသမားတယောက်က “မတ် ၈ ရက် မွန်းလွဲပိုင်းက ဟုမ္မလင်းလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစီးဟာ အလယ်တောရွာ တိုက်နယ်ဆေးရုံအနီးကို ၂ ကြိမ် ဗုံးကြဲခဲ့တယ်ဗျ။ အဲဒီမှာ ပြည်သူ ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။‌ နောက်ပြီး မတ်လ ၉ ရက်နေ့မှာတော့ အောင်သာကုန်း၊ စပ်စားနဲ့ နီတာရွာတွေကို တံတားဦးလေတပ်က ဂျက်ဖိုက်တာတွေနဲ့ ၆ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်ဗျ။ အဆိုးရွားဆုံးကတော့ မတ်လ ၁၀ ရက်နေ့၊ မနေ့က ဇီးကုန်းကျေးရွာကို ဗုံး ၂ ကြိမ် ကြဲချခဲ့တာကြောင့် ဦးပဥ္စင်း ၂ ပါး၊ ကိုရင် ၄ ပါးနဲ့ ၈ နှစ်အရွယ် ကလေးငယ်တဦး အပါအဝင် စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ရပြီး နောက်ထပ် ၁၈ ဦးခန့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်” လို့ ပြောပါတယ်။

ဒီ ၃ ရက်တာ တိုက်ခိုက်မှုအတွင်းမှာ ကလေးငယ် ၃ ယောက် အပါအဝင် စုစုပေါင်း လူ ၁၂ ယောက် အသက်ဆုံးရှုံးခဲ့ရပြီး အရပ်သား ၂၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေနဲ့ ဘာသာရေးအဆောက်အအုံတွေကို အခုလို ဗုံးကြဲသတ်ဖြတ်တာဟာ ပြင်းထန်တဲ့ စစ်ရာဇဝတ်မှု ကျူးလွန်လာလို့ ထီးချိုင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ထီးချိုင့်မြို့နယ် ပအဖ တာဝန်ရှိသူတယောက်က “လူစိတ်ကင်းမဲ့နေတဲ့ စကမ တွေပါဗျာ။ အခုလည်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို တိုက်ခိုက်သွားတာ။ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်သွားတဲ့ လေယာဉ်မောင်းတဲ့သူတွေ လိပ်ပြာလုံကြရဲ့လားလို့ပဲ မေးချင်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ မတ် ၇ ရက်ကလည်း ကနီမြို့နယ်၊ နတ်လာပို့ရွာ အလှူလုပ်ရာ နေရာကို လေကြောင်းကနေ တိုက်ခိုက်လို့ ကိုယ်ရင် ၂ ပါး အပါအဝင် အရပ်သား ၉ ယောက်အထိ သေဆုံးခဲ့ပြီး ၁၅ ယောက်ထက်မနည်း ဒဏ်ရာပြင်းထန်ရခဲ့တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013