
ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကို မတ် ၁၀ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် တိုရွန်တိုနဲ့ အော့တဝါမြို့တွေရှိ အမေရိကန်နဲ့ အစ္စရေး သံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေ တဝိုက်မှာ လုံခြုံရေး တိုးမြှင့်ချထားတယ်လို့ ကနေဒါရဲတပ်ဖွဲ့က မတ် ၁၀ ရက်မှာ ပြောပါတယ်။
တိုရွန်တိုရဲတပ်ဖွဲ့ဟာ ကောင်စစ်ဝန်ရုံး အနီးတဝိုက် ဧရိယာကို ပိတ်ဆို့ထားပြီး အခင်းဖြစ်ပွားရာ နေရာကို စစ်ဆေးနေပါတယ်။
မတ် ၁၀ ရက် မနက် ၅ နာရီခွဲ ဝန်းကျင်လောက်က အဖြူရောင် ဟွန်ဒါ CRV ကားတစီးဟာ တိုရွန်တိုမြို့ တက္ကသိုလ်လမ်းမကြီးပေါ်ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးရှေ့မှာ ရပ်တန့်ခဲ့ပြီး ကားပေါ်ကဆင်းလာတဲ့ လူ ၂ ယောက်က အဆောက်အအုံရှေ့ကို သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တာပါ။
အဲဒီနောက် သူတို့ဟာ လမ်းမကြီးအတိုင်း တောင်ဘက်ကို မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ကောင်စစ်ဝန်ရုံးအပြင်ဘက်မှာ သေနတ်သံတွေကို ကြားရကြောင်း သတင်းရရှိပြီးနောက်မှာ ရဲတပ်ဖွဲ့ဝင်တွေကို ဆင့်ခေါ်ခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှုအရ အဆောက်အအုံရှေ့မှာ သေနတ်ကျည်ဆန်ခွံတွေ တွေ့ရှိခဲ့ပြီး အပြင်ဘက်မှာလည်း ထိခိုက်ပျက်စီးမှု အနည်းငယ် ရှိခဲ့ပါတယ်။
ဒါပေမဲ့ လုံခြုံရေးစနစ်တွေကြောင့် လူထိခိုက်ဒဏ်ရာရမှု မရှိပေမဲ့ ဒီဖြစ်စဉ်ကို “အမျိုးသား လုံခြုံရေးဆိုင်ရာဖြစ်ရပ်” အဖြစ် သတ်မှတ်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ကနေဒါရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ဖရန့်ခ် ဘာရီဒိုက ပြောပါတယ်။
တိုရွန်တိုမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးက ကိုယ်စားလှယ်တွေနဲ့ အမေရိကန် နိုင်ငံခြားရေးဌာနတို့က မှတ်ချက်ပေးဖို့ တောင်းဆိုချက်တွေကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။
လက်ရှိမှာတော့ တိုရွန်တိုရဲတပ်ဖွဲ့ဟာ ကောင်စစ်ဝန်ရုံးဝန်းကျင်ကို ပိတ်ဆို့ထားပြီး သေနတ်သမားတွေ မောင်းနှင်သွားတဲ့ ကားနဲ့ တရားခံတွေကို လိုက်လံရှာဖွေနေပါတယ်။
ဒီဖြစ်စဉ်ဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ အမေရိကန် သံတမန်ရုံးတွေ ပစ်မှတ်ထားခံနေရတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း နော်ဝေနိုင်ငံ၊ အော်စလိုမြို့ရှိ အမေရိကန်သံရုံးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သလို နယူးယောက်မြို့မှာလည်း ဆန္ဒပြပွဲတခုအတွင်း ဗုံးနဲ့ပစ်ပေါက်သူ ၂ ယောက်ကို အကြမ်းဖက်မှုနဲ့ တရားစွဲဆိုထားပါတယ်။
Source: Reuters








