DVB Logo
Home
မြန်မာသတင်း
ဝက်လက်မြို့နယ်၌ စစ်တပ်က စိတ်ဝေဒနာရှင် အမျိုးသမီး ၁ ဦးကို မီးရှို့သတ်ဖြတ်
DVB
·
March 11, 2026
ဝက်လက်မြို့နယ်၌ စစ်တပ်က စိတ်ဝေဒနာရှင် အမျိုးသမီး ၁ ဦးကို မီးရှို့သတ်ဖြတ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲမှာ စစ်တပ်စစ်ကြောင်းက စိတ်ဝေဒနာရှင် အမျိုးသမီးတယောက်ကို မတ် ၁၀ ရက် နေ့လယ်ပိုင်းမှာ မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Wetlet Informational Network ရဲ့ တာဝန်ခံ ကိုနဂါးလေးက “သစ်ဆိပ်ရွာနဲ့ ကူကြီးရွာတွေမှာ ရောက်နေကြတဲ့ စစ်တပ်စစ်ကြောင်းက ငါးပတ်ချောင်းရွာထဲကို ၁၀ ရက်နေ့ နေ့လယ် ၁ နာရီလောက်မှာ ဝင်သွားပြီးတော့ စိတ်မနှံ့တဲ့ အသက် ၅၀ ကျော် ဒေါ်ဗိန်မကို လမ်းပေါ်မှာ မီးရှို့သတ်သွားတယ်။ ပြီးတော့ ရွာထဲက နွားတကောင်နဲ့ စားနပ်ရိက္ခာသယ်ပြီး ညနေ ၃ နာရီခွဲလောက်မှာ အဲဒီရွာထဲကနေ မြောက်ဘက်ကို ပြန်ထွက်ပြီး သစ်ဆိပ်နဲ့ ကူကြီးရွာတွေထဲကို ပြန်ဝင်သွားကြတယ်။ အဲဒီရွာတွေက ဝက်လက်ရဲ့ အရှေ့ခြမ်းမှာ ရှိကြတာ” လို့ DVB ကို ပြောပါတယ်။

အဲဒီစစ်ကြောင်းမှာပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ မတ် ၂ ရက်‌က ကူကြီးကျေးရွာနဲ့ မတ် ၆ ရက်က သစ်ဆိပ်ကျေးရွာတွေကို ဝင်ရောက်ပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ဝက်လက်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက “အဲဒီစစ်ကြောင်း ဝက်လက်နယ်အရှေ့ခြမ်းကို စစ်ကြောင်းထိုးနေတာ ၂ လလောက်ရှိနေပြီ။ သူတို့စစ်ကြောင်းထိုးတဲ့ရွာတွေက ပြည်သူပိုင်အိမ်တွေကို မီးရှို့မယ်။ တွေ့တဲ့ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်မယ်။ စိတ်မထင် မထင်သလို သတ်ဖြတ်မယ်။ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးသယ်မယ်။ အဲဒါတွေက သူတို့ရဲ့ အဓိကလုပ်ရပ်တွေပဲ။ ကျနော်တို့နဲ့လည်း တိုက်ပွဲတွေဖြစ်လိုက်၊ မဖြစ်လိုက်၊ တင်းမာတဲ့အနေအထား ဖြစ်လိုက်ပါပဲ” လို့ ပြောပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၅ ရက်ကစပြီး အခုနှစ် မတ် ၁၀ ရက်အထိ ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာ ရှိကြတဲ့ ကျေးရွာတွေကို တရွာပြီးတရွာ စစ်ကြောင်းထိုး ဝင်ရောက်နေတဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ရန်ကြောင့် ငါးပတ်ချောင်းကျေးရွာ အပါအဝင် ထုံးဘို၊ ရှားကွဲ၊ ချောင်းမှီတို၊ ရေဖြူ၊ ရေဂမိုး၊ ရွာသစ်၊ လှေပိုဆိပ်၊ သစ်ဆိပ်၊ ကူကြီး၊ သက်ရက်ပင်နဲ့ ရေလည်မော် ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013