
ဧရာဝတီတိုင်း ဝါးခယ်မမြို့မှာ မေ ၂ ရက် မနက်က ဆီသိုလှောင်ကန်အတွင်း ဆီဖြည့်ရာကနေ မီးလောင်မှုဖြစ်လို့ စက်သုံးဆီဆိုင်နဲ့ မော်တော်ယာဉ် ၃ စီး မီးလောင်ပျက်စီးသွားတယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
ဒီမနက် ၉ နာရီကျော်လောက်က ဝါးခယ်မမြို့နယ်၊ မြသိန်းတန်ရပ်ကွက်၊ မော်ကျွန်း-ဝါးခယ်မကား လမ်းဘေးမှာရှိတဲ့ ကောင်းထက်စက်သုံးဆီဆိုင်မှာ ဆီသိုလှောင်ကန်ထဲ ဆီဖြည့်ရာကနေ မီးလောင်မှု ဖြစ်လို့ ဒိုင်နာယာဉ် တစီးအပါအဝင် မော်တော်ယာဉ် ၂ စီးနဲ့ ဆိုင်ကယ် တစီး၊ စက်သုံး ဆီဆိုင်နဲ့ သိုလှောင်ထားတဲ့စက်သုံးဆီတွေ မီးလောင်ပျက်စီးဆုံးရှုံးသွားတယ်လို့ သိရပါတယ်။
မီးသတ်တာဝန်ရှိသူတယောက်က “မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုကို သက်ဆိုင်ရာတာဝန်ရှိသူ တွေက ဆက်လက်စစ်ဆေးနေပါတယ်။ လူတွေထိခိုက်တာမရှိပါဘူး” လို့ပြောပါတယ်။
မီးလောင်မှုကို ဝါးခယ်မ၊ ကျုံမငေးနဲ့ မော်ကျွန်းမြို့နယ်က မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့တာမှာ မနက် ၁၀ နာရီ ၁၅ မိနစ်မှာ လုံးဝမီးငြှိမ်းသတ် ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မီးငြှိမ်းသတ်ရာမှာပါဝင်တဲ့ ဒေသခံတယောက်က “ဆီဆိုင်မီးလောင်မှုက ယာဉ်တွေအပြင် ဆီဆိုင်ကြီးပါ မီးထဲပါသွားတာ။ ဆီဆိုင်က ဘာမှကို ပြန်မရဘူး။ လုံးဝပြာကျ တဲ့အထိ ဖြစ်သွားတာ”လို့ ပြောပါတယ်။
မေ ၁ ရက် မနက်ကလည်း မြောင်းမြမြို့ အမှတ် (၁) ရပ်ကွက် အောင်ဆန်းလမ်းမကြီးရှိ ထွန်းထောက် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး ဂိုဒေါင်မီးလောင်ပြီး ဆုံးရှုံးမှုများပြားခဲ့ပါတယ်။
ဧပြီ ၂၉ ရက်ကလည်း ဖျာပုံမြို့နယ် အမာမြို့ခွဲ၊ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာမှာ မီးလောင်မှုဖြစ်ပွားပြီး နေအိမ်အလုံး ၇၀ လောက် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
ဧပြီ ၂၈ ရက်ကလည်း မြောင်းမြမြို့နယ်၊ ပကိတ်ကျေးရွာမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်အလုံး ၂၆ လုံးနဲ့ ဂိုဒေါင် ၂ လုံးမီးလောင်ဆုံးရှုံးခဲ့ပါတယ်။










