
ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့မှာ မတ် ၆ ရက် ညပိုင်းက ရုတ်တရက်ဖြစ်ပေါ်ခဲ့တဲ့ ရေကြီး ရေလျှံမှု ကြောင့် အနည်းဆုံး လူ ၂၃ ယောက် သေဆုံးခဲ့ပါတယ်။
မတ် ၇ ရက်မှာတော့ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ရေလွှမ်းပြီး မြုပ်နေတဲ့ လမ်းမတွေ၊ ပြိုကျပျက်စီးသွားတဲ့ အဆောက်အအုံတွေနဲ့ ရေစီးနဲ့ မျောပါသွားတဲ့ ကားအပျက်အစီး တွေထဲကနေ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဆက်လက်ရှာဖွေ ဖော်ထုတ်နေပါတယ်။
ရေကြီးမှုကြောင့် ဂရိုဂန်လမ်းမကြီးနဲ့ အနီးပတ်ဝန်းကျင်တဝိုက်ရှိ စက်မှုဇုန်ဒေသတွေမှာ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တာပါ။
ရေကြီးနေတဲ့ ရပ်ကွက်တွေထဲကို ရဲကားတွေ ဝင်ရောက်ပြီး အပျက်အစီး အမှိုက်သရိုက်တွေကြားမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။
မော်တော်ယာဉ်တချို့ဟာ ရေထဲမှာ တိမ်းမှောက်သွားကာ တချို့ယာဉ်တွေကတော့ ရေစီးနဲ့အတူ မျောပါ သွားတာကြောင့် ကားထဲကနေ အချိန်မီ ထွက်မရခဲ့ကြပါဘူး။
ဘတ်စ်ကားယာဉ်မောင်း ဂျွန်မွိုင်ကလည်း သူမောင်းနေတဲ့ ဘတ်စ်ကားပေါ်မှာ လူအပြည့်နဲ့ ခရီးသည် ၃၃ ယောက်ပါရှိပြီး ရေလွှမ်းနေတဲ့ လမ်းထဲမှာ နာရီပေါင်းများစွာ ယာဉ်ကြောပိတ်ဆို့မှုနဲ့ ရုတ်တရက် ရေကြီးရေလျှံမှုထဲမှာ ပိတ်မိနေခဲ့ပါတယ်လို့ ပြောပြပါတယ်။
သူနဲ့ သူ့ခရီးသည်တွေဟာ ဘေးကင်းရာကို ရောက်ရှိဖို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အမျိုးသမီးတွေ နဲ့ ကလေးတွေကို ဦးစားပေး ကူညီကယ်တင်ခဲ့တယ်လို့ ပြန်ပြောပြခဲ့ပါတယ်။
ဒေသခံ စီးပွားရေးလုပ်ငန်းတွေကလည်း ရေကြီးမှုကြောင့် အကြီးအကျယ် ထိခိုက်ခဲ့ပါတယ်။
အစားအသောက်ရောင်းသူ မာယန်းနီ အကို့သ်ကလည်း သူ့ရဲ့ ရောင်းကုန်တွေနဲ့ အရောင်းဝင်ငွေတွေ အားလုံးနီးပါး ဆုံးရှုံးသွားတယ်လို့ ပြောပါတယ်။
ရေကြီးမှုကြောင့် နိုင်ရိုဘီမြို့တော်ရဲ့ အဓိကလေဆိပ်မှာ လေယာဉ်ခရီးစဉ်တွေ လမ်းကြောင်း ပြောင်း ခဲ့ရသလို လုပ်ငန်းတွေလည်း အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။
မြို့တော်တဝန်းမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေဆဲဖြစ်လို့ သေဆုံးသူဦးရေ မြင့်တက် လာနိုင်ကြောင်း အကူအညီပေးရေးလုပ်သားတွေက သတိပေးထားပါတယ်။
ကင်ညာမိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ မိုးသည်းထန်စွာ ရွာသွန်းမှုတွေဟာ လာမဲ့ တနင်္လာနေ့ညအထိ ဆက်ရှိနေဦးမယ်လို့ ခန့်မှန်းထားပါတယ်။
Source: Reuters










