DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင် ၁၄ နှစ်အရွယ်မိန်းကလေးကို ဓားဖြင့်ခြိမ်းခြောက် အဓမ္မပြုကျင့်ခဲ့သည့် မြန်မာ ၁ ဦး ဖမ်းမိ   
DVB
·
March 10, 2026
ချင်းမိုင်တွင် ၁၄ နှစ်အရွယ်မိန်းကလေးကို ဓားဖြင့်ခြိမ်းခြောက် အဓမ္မပြုကျင့်ခဲ့သည့် မြန်မာ ၁ ဦး ဖမ်းမိ   
Donate to DVB

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ချန့်ခလန်းရပ်ကွက်ထဲမှာ မတ် ၉ ရက် မနေ့က မြန်မာအမျိုးသား တယောက်က ၁၄ နှစ်ရွယ် မိန်းကလေးတယောက်ကို ဓားနဲ့ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ခဲ့တယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

မနေ့ညနေ ၆ နာရီလောက်က ချန့်ခလန်းရပ်ကွက်၊ ကျရွန်းပထစ်လမ်း၊ ဆိုင်လုမ်းကျွိုင်းလမ်းသွယ်ရှိ နေအိမ်တအိမ်မှာ မိန်းကလေးငယ်တယောက် အဓမ္မပြုကျင့်ခံရကြောင်း သတင်းရလို့ သွားရောက် စစ်ဆေးခဲ့တယ်လို့ ချင်းမိုင်ဖူးထွဏ်းနယ်မြေရဲတပ်ဖွဲ့က သတင်းထောက်ကိုပြောပါတယ်။ 

အသက် ၁၄ နှစ်ရွယ် မြန်မာမိန်းကလေးမှာ မိခင်က အပြင်သွားခိုက် အိမ်မှာ တယောက်တည်းရှိနေစဉ် အမျိုးသားတယောက်က  အိမ်ထဲဝင်လာပြီး ဓားနဲ့ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်သွားခဲ့တာလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက စီစီကင်မရာကနေတဆင့် စစ်ဆေးရာမှာ အဆိုပါအမျိုးသားမှာ နက်ပြာရောင် တီရှပ်နဲ့ အနက်ရောင်ဘောင်းဘီ ဝတ်ဆင်ပြီး ဓားကိုင်ထားတာကို အမှန်တွေ့ရှိတယ်၊ ရဲတွေက လူစုခွဲပြီး အနီးအနားတဝိုက် လိုက်လံရှာဖွေတာမှာ ည ၉ နာရီလောက်မှာတော့ အဆိုပါလမ်းထဲရှိ  လူသူကင်းမဲ့ အိမ်ဟောင်းတလုံးရဲ့ အနောက်ဘက် မြက်တောထဲမှာ ပုန်းအောင်းနေတဲ့ တရားခံကို ပြစ်မှုကျူးလွန်စဉ် ဝတ်ဆင်ခဲ့တဲ့ အဝတ်အစားအတိုင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ရဲတွေက ဖမ်းဆီးဖို့ ကြိုးစားစဉ် အဆိုပါအမျိုးသားဟာ ခုခံဖို့ကြိုးစားရင်း လဲကျပြီး ခေါင်းကို ကျောက်တုံးနဲ့ ဆောင့်မိကာ ညာဘက်မျက်လုံးအနီးမှာ အနည်းငယ်ဒဏ်ရာရခဲ့တယ်လို့  ဆိုပါတယ်။

စစ်ဆေးမေးမြန်းချက်အရ  ပြစ်မှုကျူးလွန်သူမှာ အသက် ၃၃ နှစ်ရွယ်ရှိ “ယူဆွပ်” ဆိုသူ မြန်မာနိုင်ငံသားတယောက် ဖြစ်ပြီး ဒီမတိုင်ခင်က ကျူးလွန်ခံရတဲ့ မိန်းကလေးရဲ့ အိမ်နားမှာ အလုပ်လုပ်တယ်၊ မိန်းကလေးနဲ့ နီးစပ်ဖို့ အမျိုးမျိုးကြိုးစားခဲ့တယ်၊ အဲဒီနောက် အလုပ်ကထွက်ပြီး တခြားမှာ သွားနေတယ်၊ အခင်းဖြစ်တဲ့နေ့က မိန်းကလေး တယောက်တည်းရှိနေစဉ် ဝင်ရောက် ပြစ်မှု ကျူးလွန်မိကြောင်း ဖွင့်ဟဝန်ခံထားတယ်လို့ ဆိုပါတယ်။

ယူဆွပ်ကို နယ်မြေကျူးကျော်မှု၊ လက်နက်ကိုင်ဆောင်ပြီး အတင်းအကျပ် ခြိမ်းခြောက်မှု၊ အရွယ်မရောက်သေးတဲ့ မိန်းက‌လေးကို အဓမ္မပြုကျင့်မှု စတဲ့ ပြစ်ချက်တွေနဲ့ တရားစွဲဆိုပြီး ဥပဒေအရ အရေးယူအပြစ်ပေးသွားမယ်လို့ ထိုင်းတာဝန်ရှိသူတွေက ဆိုပါတယ်။ 

Source:  Chiangmai News / Chiangmai Traffic Police 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013