
နီပေါနိုင်ငံမြောက်ပိုင်းမှာ နှင်းထုပြိုကျလို့ မနန်းခရိုင်က အမြင့်ပေ ၂၃,၃၇၉ ပေရှိတဲ့ ဟင်မ်လွန်း ဟီမယ်လ်တောင်ခြေစခန်းကို နှင်းတွေ ဖုံးလွှမ်းသွားခဲ့ပြီးတဲ့နောက် အလုပ်သမား ၁၄ ယောက် ပျောက်ဆုံးနေကာ တောင်တက်လမ်းပြ ၂ ယောက် သေဆုံးနေတာတွေ့ခဲ့တယ်လို့ နီပေါအမျိုးသား တောင်တက်လမ်းညွှန်အသင်းက စက်တင်ဘာလ ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အလုပ်သမားတွေက နိုင်ငံခြားသားတောင်တက်သမားတွေအတွက် တဲထိုးနေတုန်း နှင်းပြိုကျတာ ဖြစ်ပြီး ပြိုကျချိန်မှာ တောင်တက်သမားတွေက အဲဒီနေရာမှာ ရှိမနေခဲ့ကြပါဘူး။
ဟင်မ်လွန်း ဟီမယ်လ် တောင်ခြေစခန်းပေါ်ကို နှင်းပြိုကျလို့ တောင်တက်သမားတွေနဲ့ အထောက်အကူပြု ဝန်ထမ်းတွေ ပျောက်နေတယ်လို့ နီပေါနိုင်ငံ စူးစမ်းလေ့လာရေးခရီးစဉ် စီစဉ်ဆောင်ရွက်သူများအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ရီရှီဘန်ဒါရီနဲ့ ခရီးသွားလုပ်ငန်းဌာန ညွှန်ကြားရေးမှူးချုပ် ရမ် ခရစ်ရှ်နာ လာမီချာနီ အပါအဝင် တောင်တက်လုပ်ငန်းဆိုင်ရာ တာဝန်ရှိသူ တွေက ဒေသတွင်းမီဒီယာတွေကို တနင်္ဂနွေနေ့မှာ အတည်ပြု ပြောပါတယ်။
နှင်းပြိုကျတဲ့နေရာမှာ ကယ်ဆယ်ရေးသမားတွေက နှင်းထုကို တူးဖော်ရင်းပျောက်နေတဲ့ သူတွေကို ရှာနေကြပါတယ်။
Source: Reuters










