
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)ရဲ့ ခေါင်းဆောင်ပိုင်းတွေက တရုတ်ကိုယ်စားလှယ်အဖွဲ့နဲ့ တရုတ်ပြည်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှာ သွားရောက်တွေ့ဆုံခဲ့ပြီး စစ်ကောင်စီ စွပ်စွဲထားတဲ့ အရပ်သား လေယာဉ်တိုက်ခိုက်မှုဟာ မမှန်ကန်ကြောင်း ပြောဆိုခဲ့သလို တရုတ်ဘက် ကလည်း တိုက်ပွဲတွေ မဖော်ဖို့ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ တိုက်တွန်းခဲ့တယ်လို့ KIA က ပြောပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းက မြစ်ကြီးနား လေဆိပ်မှာ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) လေယာဉ် ဒရုန်းဗုံး ထိမှန်ခဲ့တာကို စစ်ကောင်စီက KIA ပူးပေါင်းအဖွဲ့ရဲ့ လက်ချက်လို့ စွပ်စွဲ ထုတ်ပြန်ထားတာပါ။
ဒီတိုက်ခိုက်မှုဟာ KIA လုပ်ဆောင်ခဲ့တာ မဟုတ်ကြောင်းနဲ့ အရပ်သားတွေ အသုံးပြုတဲ့ လေယာဉ်ကို တိုက်ခိုက်ဖို့ မူဝါဒမရှိဘူးလို့ တရုတ်ကိုယ်စားလှယ်တွေကို KIO ဘက်က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအရ တွေ့ဆုံတာမျိုး မဟုတ်ဘဲ တရုတ်နှစ်သစ်ကူးမှာ မိတ်ကောာင်းဆွေကောင်းတွေနဲ့ သွားရောက် တွေ့ဆုံတဲ့ သဘောသာဖြစ်တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက DVB ကို ပြောပါတယ်။
“နယ်စပ်ဒေသမှာ တိုက်ပွဲ မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းဖြစ်ဖို့တော့ ပြောတယ်။ ဒါကတော့ အမြဲတမ်း ပြောနေတာပေါ့လေ။ တရုတ်နှစ်သစ်ကူးမှာ နှစ်တိုင်းလို ကျနော်တို့ တွေ့ဖြစ်တယ်။ မိတ်ကောင်းဆွေကောင်းဆိုတော့ နှစ်သစ်ကူးမှာ တွေ့ကျတာ အဲဒီလောက်ပါပဲ။ ပုံမှန် ပြောနေကျ အတိုင်းပါပဲ ကျနော်တို့ကိုလည်း စစ်ကော်မရှင်နဲ့ ဆွေးနွေးရင် ကောင်းပါတယ်လို့ ပြောတာ ရှိပါတယ်။ တခြား လက်တွေ့ အကောင်ထည်ဖော်ဖို့ ပြောတဲ့ အပိုင်းတွေကတော့ မရှိသေးပါဘူး။"
စစ်ကောင်စီရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်အောင်စန်း ဦးဆောင်တဲ့ အဖွဲ့က မြစ်ကြီးနားမြို့မှာ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြတဲ့ အခမ်းနားကို တရုတ်လုပ်ငန်းရှင်တချို့ လေ့လာသူအဖြစ် အခမ်းနားရောက်ရှိနေချိန် အရပ်သားလေယာဉ် ဒရုန်းဗုံး ထိမှန်ခဲ့တာဟာ စစ်ကောင်စီက နိုင်ငံရေးအရ ပုံမှားဖျက်ဖို့ ကြိုးပမ်းနေတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ်စစ်မြေပြင်ကို စစ်သည်အင်အားတွေ ပို့ဆောင်ရာမှာ အရပ်ဘက်လေယာဉ်တွေကို အသုံးပြုနေတာလည်း ရှိပါတယ်။
ခေတ်အဆက်ဆက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အလွန်အရေးပါခဲ့တဲ့ ဗန်းမော်မြို့သိမ်း တိုက်ပွဲဟာလည်း ၁ နှစ်ကျော် ကြာမြင့်လာပေမဲ့ မြို့ကို နှစ်ဖက်လုံးက အပြည့်ဝ မထိန်းချုပ် နိုင်သေးသလို နေ့စဉ်နီးပါး တိုက်ပွဲ ပြင်းထန်နေပါတယ်။
မတ် ၆ ရက်ကလည်း ဗန်းမော်ကို ရိက္ခာနဲ့ လူလာတင်တဲ့ စစ်ကောင်စီ MI 17 ရဟတ်ယာဉ် တစီးက KIA ပူးပေါင်းအဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ရွှေကူမြို့ပေါ်ကို အရေးပေါ် ဆင်းခဲ့ရပေမဲ့ ပျက်ကျတာတော့ မရှိဘူလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။










