
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ KIO မြို့နယ်မှူး အသတ်ခံရမှုဖြစ်စဉ်မှာ ကျူးလွန်သူ ၃ ယောက်ထဲက လွတ်မြောက်နေသူ ၁ ယောက်ကို ဇွန် ၃၀ ရက်မှာ ဆွဲကြိုးချသေဆုံးနေတဲ့ အနေအထားနဲ့ တွေ့ရတယ်လို့ ဖားကန့်ဒေသခံတွေဆီ သိရပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) မြို့နယ်မှူး ဆိုင်းအောင်နန်းကို သူနဲ့ ရင်းနှီးသူ ၃ ယောက်က သတ်ဖြတ်ပြီး ငွေနဲ့ ကားကို ယူဆောင်ထွက်ပြေးတဲ့ ဖြစ်စဉ်တခု ဇွန် ၂၉ ရက် ညပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျူးလွန်သူ ၂ ယောက်ကို ဖမ်းမိထားတယ်လို့ သိရပါတယ်။
ဖားကန့်ဒေသခံတယောက်က “သူ့နားက လူတွေ သတ်တာ။ အမျိုးမကင်းဘူးလည်း ကြားတယ် ။ ၂ ယောက်ကတော့ ဖမ်းမိထားတယ်လို့ ကြားတယ်။ ကျန်တဲ့တယောက်ကတော့ လုံးခင်းဘက်က နေအိမ်တခုမှာ ဆွဲကြိုးချပြီး သေတယ်လို့ ပြောနေကြတာပဲ” လို့ ပြောပါတယ်။
ဆွဲကြိုးချသေဆုံးသွားသူဟာ KIO မြို့နယ်မှူး ဆိုင်းအောင်နန်ကို သတ်ဖြတ်ရာမှာ ပါဝင်ခဲ့သူ မုန်ဂျာအောင် ဖြစ်ပြီး သူ ယူဆောင်သွားတဲ့ငွေတွေကိုလည်း ပြန်တွေ့ခဲ့ပါတယ်။
KIO မြို့နယ်မှူး ဆိုင်းအောင်နန်ဟာ ၂၉ ရက် ညပိုင်းက ဖားကန့်မြို့နယ်၊ မမုံကျေးရွာက နေအိမ်မှာ သတ်ဖြတ်ခံရတာ ဖြစ်ပြီး သူ့အလောင်းကို ဆိပ်မူကျေးရွာအုပ်စု၊ ဖားပြင်ကျေးရွာ သင်္ချိုင်းနေရာ အနီးက ရေကန်ထဲမှာ ပစ်ချခဲ့ကြတယ်လို့ ဒေသခံသတင်း ရင်းမြစ်တွေထံက သိရပါတယ်။
ကျူးလွန်သူတွေထဲ အဓိက ကြိုးကိုင်သူလို့ ယူဆရတဲ့ မုန်ဂျာအောင်ဟာ လောင်းကစားလုပ်သူဖြစ်ပြီး ငွေကျပ်သိန်းရာချီ ရှုံးထားတဲ့အပြင် အခုဖြစ်စဉ်မှာလည်း လောင်းကစားလုပ်ဖို့ ငွေတောင်းရာက စကားများရင်း ကျူးလွန်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေနဲ့ ဒေသတွင်း သတင်းမီဒီယာတချို့က ရေးသားပါတယ်။
လက်ရှိမှာ ဖမ်းမိထားသူ ၂ ယောက်ကို KIA/KIO ဘက်က စစ်ဆေးမေးမြန်းနေပြီး အဆိုပါဖြစ်စဉ်နဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။











