DVB Logo
Home
မြန်မာသတင်း
တရုတ်က တည်ဆောက်ပေးသည့် ရေလုံလွန်းကျင်း ဖွင့်လှစ်၊ စစ်ရေယာဥ် တပ်တော်ဝင် 
DVB
·
March 10, 2026
တရုတ်က တည်ဆောက်ပေးသည့် ရေလုံလွန်းကျင်း ဖွင့်လှစ်၊ စစ်ရေယာဥ် တပ်တော်ဝင် 
Donate to DVB

တရုတ်ကုမ္ပဏီက တည်ဆောက်ပေးခဲ့တဲ့ တန် ၄၀,၀၀၀ ရေလုံလွန်းကျင်းဖွင့်ပွဲကို မတ် ၈ ရက်က သန်လျင်ရေတပ်သင်္ဘောကျင်းဌာနချုပ်မှာ ပြုလုပ်ခဲ့ပြီး ပြည်တွင်းလုပ် စစ်ရေယာဉ်တွေနဲ့ ကင်းလှည့်သင်္ဘောတွေ တပ်တော်ဝင်ခဲ့ပါတယ်။

ဖွင့်ပွဲနဲ့ တပ်တော်ဝင်အခမ်းအနားကို သန်လျင်ရေတပ်သင်္ဘောကျင်းဌာနချုပ် ရေလုံလွန်းကျင်း တည်ဆောက်ရေးအလုပ်ရုံနဲ့ ရေတပ်ဆိပ်ခံတံတားမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တပ်တော်ဝင်တဲ့ သင်္ဘောတွေဟာ ကြည်းတပ်နဲ့အတူ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ကြောင်းတလျှောက် ပူးတွဲတာဝန်ယူသွားရမှာ ဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဒီကနေ့ ဖွင့်လှစ်လိုက်တဲ့ တန် ၄၀,၀၀၀ ရေလုံလွန်းကျင်းမှာ ပထမဆုံး စတင်တည်ဆောက်မဲ့ စစ်ရေယာဉ် ၂ စင်း ဧရာခင်းမင်္ဂလာအခမ်းအနား အပါအဝင် တပ်မတော်(ရေ)မှာ တည်ဆောက်ခဲ့တဲ့ ဖရီဂိတ်စစ်ရေယာဉ်ကြီး စစ်ရေယာဉ်(သာလွန်မင်း)နဲ့ မြစ်တွင်းသွား ဘက်စုံသုံးစစ်ရေယာဉ် လေးစင်းတို့ကိုလည်း တပ်တော်ဝင်နိုင်မှာ ဖြစ်တာကြောင့် ဂုဏ်ယူရပြီး ကြည်းတပ်နဲ့အတူ တာဝန်ထမ်းဆောင်ရမှာ။”

တန် ၄၀,၀၀၀ ရေလုံလွန်းကျင်းကို တရုတ်အကူအညီနဲ့ စီမံကိန်းအဆင့် ၃ ဆင့်ခွဲကာ ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီရေလုံလွန်းကျင်းမှာ အရွယ်အစား ကြီးမားတဲ့ စစ်ရေယာဉ်ကြီးတွေ တည်ဆောက်နိုင်မဲ့အပြင် တန်ချိန် ၄၀,၀၀၀ တင်ဆောင်နိုင်သော ကုန်သွယ်ရေယာဉ်တစင်း ဒါမှမဟုတ် စစ်ရေယာဉ်ကြီး ၂ စင်းကို တပြိုင်နက်တည်း တည်ဆောက်နိုင်မှာဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

စစ်ကောင်စီဘက်က အခုလို ရေတပ်ကို အင်အားဖြည့်ကာ စစ်ရေယာဥ်တွေ ဝယ်ယူပြီး ကိုယ်တိုင် တည်ဆောက်တာတွေဟာ အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်နယ်ကို ရေကြောင်းကနေ စစ်ကြောင်းထိုးဖို့ ရည်ရွယ်တာဖြစ်တယ်လို့ စစ်ရေးလေ့လာသူတယောက်က  ပြောပါတယ်။

“စစ်တပ်အနေနဲ့ ရခိုင်ကို စစ်ကြောင်းထိုးဖို့ မြေပြင်ရော ဝေဟင်ရောမရဘူး။ မြေပြင်က ဝင်ဖို့ဆို  ထိစပ်နယ်မြေတွေဖြစ်တဲ့ ပဲခူးနဲ့ ဧရာဝတီက AA က ဖြတ်ပိတ်ထားတော့ ရေလမ်းကြောင်းတခုပဲ ရှိတော့တယ်။ ဒါကြောင့် ရခိုင်ကို စစ်ကြောင်းထိုးဖို့ ရေတပ်ကို စစ်တပ်က အင်အားဖြည့်နေတာ။”

မတ် ၈ ရက်က တပ်တော်ဝင်ခဲ့တဲ့ သာလွန်မင်း ဖရီးဂိတ် စစ်ရေယာဥ်မှာ ရေတပ်သမိုင်းမှာ အရွယ်အစား ကြီးမားတဲ့ စစ်ရေယာဉ်ဖြစ်ပြီး ခရီးအကွာအဝေးရေမိုင် ၃,၄၁၈ မိုင်ကို တလကျော်အတွင်း ၂၇၉ နာရီ ခုတ်မောင်းနိုင်ပြီး ရေတပ်အတွက် များစွာအထောက်အကူပြုတယ်လို့ ဆိုပါတယ်။

၇၈ နှစ်မြောက် ရေတပ်နှစ်ပတ်လည်နေ့တုန်းက ဖရီးဂိတ်စစ်ရေယာဥ်နဲ့ ရေငုပ်သင်္ဘော အပါအဝင် စစ်သင်္ဘောအစင်း ၂၀ ကျော် ထုတ်ပြပြီး ရေတပ်က တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေပြီလို့ စစ်ခေါင်းဆောင်က ကြွေးကြော်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013