DVB Logo
Home
မြန်မာသတင်း
ဒုစစ်ခေါင်းဆောင်က ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ကာကွယ်ရေးဦးစီးချုပ် (ကြည်း) တာဝန်လွှဲပေး
DVB
·
March 9, 2026
ဒုစစ်ခေါင်းဆောင်က ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ကာကွယ်ရေးဦးစီးချုပ် (ကြည်း) တာဝန်လွှဲပေး
Donate to DVB

စစ်ကောင်စီတပ်မှာ ကာကွယ်ရေးဦးစီးချုပ်ပြီးရင် ရာထူးအကြီးဆုံးဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) တာဝန်ကို ဒီကနေ့ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို လွှဲပေးလိုက်တယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ နေပြည်တော်မှာရှိတဲ့ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရုံးမှာ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ကက (ကြည်း) ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေအားလုံးကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို လွှဲပေးခဲ့တာလို့ နေပြည်တော်သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ကက(ကြည်း) ခန့်တာမှန်ပေမဲ့ တရားဝင်က မနေ့ကမှ စာထွက်တာ။ ဒီနေ့မနက် ကက(ကြည်း) ရုံးမှာ ဒုတပ်ချုပ်က လုပ်ပိုင်ခွင့် နဲ့ တာဝန်အကုန်လွှဲပေးတယ်။ စစ်ရေးနဲ့ပတ်သက်ပြီး ဒုတပ်ချုပ်မှာ တာဝန်မရှိတော့ဘူး၊ စစ်ကော်မရှင်မှာ ဒုဥက္ကဋ္ဌ အာဏာပဲ ရှိတော့တယ်” လို့ ပြောပါတယ်။

စရဖချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို မတ် ၂ ရက်မှာ စစ်ခေါင်းဆောင်က ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရာထူးကိုပေးခဲ့ပြီး ဒုတပ်ချုပ်ရဲ့ လုပ်ပိုင်ခွင့်နဲ့တာဝန် ကန့်သတ်လိုက်တာဖြစ်ပါတယ်။

မတ် ၈ ရက်က စစ်ကောင်စီရေတပ်ရဲ့ ဖရီးဂိတ်စစ်ရေယာဉ် သာလွန်မင်းနဲ့ မြစ်တွင်းသွားဘက်စုံသုံး စစ်ရေယာဉ် ၄ စီး တပ်တော်ဝင်အခမ်းအနားမှာ ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ ရာထူးကို ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဆိုပြီး စစ်ကောင်စီဘက်က စတင်သုံးနှုန်းခဲ့တာဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်တာဟာ ကြံ့ခိုင်ရေးအစိုးရ လက်ထက်မှာ ဒုဗိုလ်ချုပ်ကြီးစိုးဝင်းကို တာဝန်ကနေ အနားပေးပြီး အတိုင်ပင်ခံကောင်စီမှာ ဆက်လက်ထားရှိမယ်ဆိုတဲ့ သတင်းတွေလည်း နေပြည်တော် စစ်တပ်အသိုက်အဝန်းမှာ ထွက်ပေါ်နေပါတယ်။

၁၉၈၇ ခုနှစ်မှာ OTS ၇၇ ကျောင်းဆင်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးမှာ ၁၉၈၈ ကနေ ၂၀၀၉ ခုနှစ်အထိ ခြေလျင်ခြေမြန်တပ်ရင်းတွေမှာ ဗိုလ်ကြီးကနေ ဗိုလ်မှူးအထိ တာဝန်ယူခဲ့ပြီး ၂၀၁၀ မှာ ဒုဗိုလ်မှူးကြီး၊ ၂၀၁၂ ကနေ ၂၀၁၄ အထိ တပ်မ ၁၁ ဒုတပ်မမှူး ဗိုလ်မှူးကြီး၊ ၂၀၁၆ မှာ ဗိုလ်မှူးချုပ် မင်္ဂလာဒုံစစ်ဆေးရုံအုပ်ကြီး၊ ၂၀၁၈ မှာ အနောက်တောင်တိုင်းတိုင်းမှူး၊ ၂၀၂၀ ပြည့်နှစ်မှာ ဒုဗိုလ်ချုပ်ကြီး စရဖချုပ်၊ ၂၀၂၄ ခု သြဂုတ် ၂၂ ရက်မှာ ဗိုလ်ချုပ်ကြီးအဆင့် ရာထူးတိုးခဲ့တာဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ကာကွယ်ရေဦးစီးချုပ် (ကြည်း) တာဝန်အပြင် စစ်ကောင်စီက ဖွဲ့စည်းတဲ့ ကော်မရှင်အဖွဲ့အစည်းမှာလည်း တွဲဖက်အတွင်းရေးမှူးရာထူး ပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013