DVB Logo
Home
ဆောင်းပါး
မင်းအောင်လှိုင်လက်ပါးစေ တပ်ချုပ်သစ် နှင့် OTS-DSA ပွတ်တိုက်မှု
DVB
·
April 2, 2026
မင်းအောင်လှိုင်လက်ပါးစေ တပ်ချုပ်သစ် နှင့် OTS-DSA ပွတ်တိုက်မှု
Donate to DVB

စရဖချုပ်ကနေ တပ်ချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို စစ်ခေါင်းဆောင်က အာဏာလွှဲပေးတဲ့ပွဲမှာ DSA ကျောင်းဆင်းတွေရဲ့ နေလို မီးလို ပူလှတဲ့ မျက်နှာတွေကို စစ်ကောင်စီရဲ့ ဝါဒဖြန့် ရုပ်သံတွေမှာ အထင်းသား မြင်ရပါတယ်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလို OTS ကျောင်းဆင်းတယောက်ကို စစ်ခေါင်းဆောင်က တပ်ချုပ်အာဏာ လွှဲပေးလိုက်တာကြောင့် DSA ကျောင်းဆင်း အများစုက ကျေနပ်မှုမရှိပေမဲ့ လက်ရှိ ရှိနေတဲ့ ရာထူးကနေ ရေငုံနှုတ်ပိတ်နေရပါတယ်။

နိုင်ငံတကာရဲ့ဖိအားတွေ လူထုရဲ့ ကျိန်စာတိုက်မှုတွေ မပြီးပြတ်သေးတဲ့ စစ်ရေးကိစ္စတွေကြောင် စစ်ကောင်စီတပ်ကနေ ခေါင်းရှောင်ချင်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေနဲ့ တပ်ချုပ်နေရာကို ရက်စက်ပြီး ညှာတာမှုကင်းမဲ့တဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို မတ်လ ၃၀ ရက်က နေပြည်တော် ဇေယျာသီရိဗိမာန်မှာ အခမ်းအနားနဲ့ လွှဲပြောင်းပေးခဲ့တာပါ။

တပ်ချုပ်နေရာကို လူသိရှင်ကြား အခမ်းအနားနဲ့ လွှဲပေးတာဟာ စစ်တပ်သမိုင်းမှာ ကြုံတောင့်ကြုံခဲဖြစ်ပြီး ဒါကိုကြည့်ခြင်းဖြင့် တပ်တွင်းစည်းလုံးမှုနဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦး အပေါ် အမြင်မကြည်သူတွေ ရှိတယ်ဆိုတာ သိနိုင်တယ်လို့ စစ်ရေးလေ့လာသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“တပ်ချုပ်ရာထူးကို အခမ်းအနားနဲ့ လွှဲပေးတာ စစ်တပ်သမိုင်းမှာ မရှိဘူး။ မင်းအောင်လှိုင် တုန်းကလည်း ဦးသန်းရွှေက အခုလို လွှဲပေးခဲ့တာ မဟုတ်ဘူး။ ရဲဝင်းဦးကို ဘာလို့ အခုလို အခမ်းအနားနဲ့ လွှဲပေးတာလဲဆိုတော့ တပ်ထဲမှာ ရဲဝင်းဦးအပေါ် အမြင်မကြည်လင်မှုတွေ ရှိနေတော့ ဒီလိုမှမလွှဲပေးရင် တပ်တွင်း အာဏာသိမ်းပြန်သိမ်းတာတွေ ဖြစ်မှာစိုးလို့ မင်းအောင်လှိုင်က သူကိုယ်တိုင် အားလုံးရှေ့မှာ လွှဲပေးတာ” လို့ ရှင်းပြပါတယ်။

DSA ကျောင်းဆင်းတွေရဲ့ သဘောအရ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးကျော်စွာလင်းကို တပ်ချုပ်ဖြစ်စေချင်ပြီး ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ဒုချုပ်အဖြစ်နဲ့သာ တာဝန်ပေးစေချင်တာလို့ နေပြည်တော် သတင်းအရင်းအမြစ်က ဒီဗွီဘီကို ပြောပါတယ်။

“တပ်ထဲမှာ OTS နဲ့ DSA ပွတ်တိုက်မှုတွေရှိတာ အခုမှမဟုတ်ဘူး၊ ဟိုအရင်ကတည်းက။ DSA ကျောင်းဆင်း အများစုက ဗိုလ်ချုပ်ကြီးကျော်စွာလင်းကို တပ်ချုပ် ဖြစ်စေချင်တယ်။ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ဒုချုပ် ဖြစ်ချင်တယ်။ ဘာလို့လဲဆိုတော့ ရဲဝင်းဦး တပ်ချုပ် ဖြစ်လာရင် မလွယ်ဘူးဆိုတာ သိလို့ စရဖချုပ် တာဝန်ယူတုန်းက သူ လုပ်လို့ ဒုက္ခရောက် ထောင်ထဲ ရောက်သွားတဲ့ ဗိုလ်ချုပ်တွေ၊ ဒုဗိုလ်ချုပ်ကြီးတွေ အများကြီးပဲ။ သူ တက်လာရင် မင်းအောင်လှိုင်တို့ ဦးသန်းရွှေတို့ထက် ပိုဆိုးသွားမှာ အားလုံးက သိနေတယ်” လို့ ပြောပါတယ်။

၁၉၈၇ ခုနှစ် ဗထူး ဗိုလ်လောင်းသင်တန်းကျောင်း OTS အပတ်စဥ် ၇၇ ကျောင်းဆင်း ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ ၁၉၈၈ ကနေ ၂၀၀၉ ခုနှစ်အထိ ခြေလျင် ခြေမြန် တပ်ရင်းတွေမှာ ဗိုလ်ကြီးကနေ ဗိုလ်မှူးအထိ တာဝန်ယူခဲ့ပြီး ၂၀၁၀ မှာ ဒုဗိုလ်မှူးကြီး၊ ၂၀၁၂ ကနေ ၂၀၁၄ အထိ တပ်မ ၁၁ ဒုတပ်မမှူး ဗိုလ်မှူးကြီး၊ ၂၀၁၆ မှာ ဗိုလ်မှူးချုပ် မင်္ဂလာဒုံစစ်ဆေးရုံအုပ်ကြီး၊ ၂၀၁၈ မှာ အနောက်တောင်တိုင်း တိုင်းမှူး၊ ၂၀၂၀ ခုနှစ်မှာ ဒုဗိုလ်ချုပ်ကြီး စရဖချုပ်၊ ၂၀၂၄ ခုနှစ် သြဂုတ်လ ၂၂ ရက်မှာ ဗိုလ်ချုပ်ကြီးအဆင့် ရာထူးတိုးခဲ့ပြီး ၂၀၂၆ ခုနှစ် မတ်လ ၂ ရက်မှာ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နေရာရခဲ့ပြီး မတ်လ ၃၀ ရက်မှာ တပ်ချုပ်ဖြစ်လာသူတဦး ဖြစ်ပါတယ်။

၂၀၁၀ ကနေ ၂၀၁၈ ခုနှစ်အထိ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဆန်းဦး၊ ဗိုလ်ချုပ်ထွန်းထွန်းနောင်၊ ဗိုလ်ချုပ်မျိုးဇော်သိန်း၊ ဗိုလ်ချုပ်သက်ပုံတို့ လက်အောက်မှာ ဒုဗိုလ်မှူးကြီးအဆင့်မှ ဗိုလ်မှူးချုပ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇွန်လ ၁၈ ရက်မှာ ဗိုလ်ချုပ်ရာထူးတိုးပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဖြစ်လာတာလို့ ရန်ကုန်တိုင်း စစ်ကောင်စီနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူက ရာထူးတိုးဆိုတာ သူ့မိန်းမရဲ့ ပေါင်းသင်းဆက်ဆံရေးကြောင့်လည်း ပါတယ်။ တပ်မ ၁၁ ဒုတပ်မမှူး ဖြစ်တုန်းက သူ့မိန်းမ ဒေါ်နီလာ မသွားဘူးတဲ့ တိုင်းမှူးအိမ် မရှိဘူး။ အဲဒါကြောင့်လည်း ဒုတပ်မမှူးကနေ ဗိုလ်မှူးချုပ်အဆင့်ကို ၂ နှစ်အတွင်း တာဝန်ခုန်တက်သွားတာ” လို့ ပြောပါတယ်။

ဗိုလ်ချုပ်ကြီးရဲဝင်းဦး စရဖချုပ် ဖြစ်လာချိန်တွင် စစ်ကောင်စီတပ်အတွင်း ဆိုးဝါးတဲ့အခြေအနေနဲ့ ရင်ဆိုင်ရပြီး သူနေရာရရေးအတွက် ဗိုလ်မှူးကြီး ကနေ ဒုဗိုလ်ချုပ်ကြီးအဆင့်ထိ ဖြုတ်ထုတ်သတ် ဇာတ်လမ်းများစွာ လုပ်ဆောင်ခဲ့တယ်လို့ အငြိမ်းစား စရဖဟောင်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူ့ဆရာတွေဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့ ဒုဗိုလ်ချုပ်ကြီးစိန်ဝင်းတို့ကို သူကိုယ်တိုင် ထောင်ထဲထည့်တာ။ ဒါမှလည်း စစ်ခေါင်းဆောင်ရဲ့ ယုံကြည်မှု သူရမှာပေါ့။ သူ့ဆရာပဲလုပ်တာလား ဆိုတော့ မဟုတ်ဘူး၊ သူနဲ့ အပတ်စဥ်တူ OTS ၇၇ ကျောင်းဆင်း ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးနဲ့ ဗိုလ်ချုပ်တိုးရီ တို့ကို သူ့ရဲ့ စုံစမ်းတင်ပြမှုနဲ့ပဲ အရပ်ဘက်ကို ရွှေ့ခဲ့တာ” လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စရဖချုပ်ဖြစ်နေတဲ့ ဗိုလ်ချုပ်ရဲဝင်းဦး အမိန့်နဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းသမားတွေကို စစ်ကြောရေးအတွင်း စရဖတပ်ဖွဲ့ဝင်များရဲ့ သတ်ဖြတ်ခဲ့မှုတွေကလည်း ငြင်းလို့မရကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အာဏာသိမ်းပြီး စစ်ထောက်လှမ်းရေးက စစ်ကြောရေးမှာ သတ်ဖြတ်ခဲ့လို့ သေဆုံးခဲ့တဲ့အထဲမှာ ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်ရဲ့ညီ ကိုစိုးမိုးလှိုင်၊ ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်တို့က လူသိများတယ်။ မန္တလေးမှာဆိုလည်း စစ်ထောက်လှမ်းရေးက စစ်ကြောရေးမှာ သတ်ခဲ့တဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ရှိတယ်။ ပြောရရင် လူ့အသက်တွေကို ချနှင်းပြီး တပ်ချုပ်နေရာ ရလာတာ” လို့ ပြောပါတယ်။

ဒီလို လက်စွမ်းပြမှုတွေကြောင့် စစ်ခေါင်းဆောင်က မျက်စိကျလာပြီး ဗိုလ်ချုပ်ကြီးအဆင့် တိုးပေးကာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး တွဲဖက်အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ပေးပြီး နိုင်ငံတကာခရီးတွေ သွားရောက်ရာမှာ အမြဲတစေ ခေါ်သွားပြီး သူ့နေရာကို ဆက်ခံမဲ့သူအဖြစ် မိတ်ဆက်ပေးလေ့ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကက(ကြည်း) တာဝန် ပေးလိုက်ကတည်းက စစ်တပ်မှာ ရှိနေတဲ့သူတွေ အားလုံးက ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို တပ်ချုပ်ဖြစ်မယ်ဆိုတာ အားလုံးက သိကြတယ်။ အရပ်ဘက်မှာဆိုလည်း နိုင်ငံတကာသွားတိုင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခေါ်သွားပြီး သံတမန်အသိုက်အဝန်းမှာလည်း  မိတ်ဆက်ပေးနေတာ ဆိုတော့ တနေ့ သူဖြစ်လာမယ်ဆိုတာ တွက်ချက်ပြီးသား။ အရပ်ဘက်ဆက်ဆံရေး အဆင်မပြေမှာပဲ စိုးတာ” လို့ ရှင်းပြပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေထဲမှာ OTS လို့ခေါ်တဲ့ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းဆင်း များစွာရှိပြီး ထင်ရှားတဲ့ OTS ကျောင်းဆင်းတွေကတော့ ဗိုလ်မှူးကြီးကြည်မောင် အပတ်စဥ် ၁၊ ဗိုလ်ချုပ်ကြီးသူရတင်ဦး အပတ်စဥ် ၃၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပတ်စဥ် ၉၊ ဗိုလ်ချုပ်ကြီးခင်ညွန့် အပတ်စဥ် ၂၅၊ ဗိုလ်ကြီးအုန်းကျော်မြင့် အပတ်စဥ် ၂၉၊ ဒုဗိုလ်ချုပ်ကြီးစိန်ဝင်း အပတ်စဥ် ၅၄၊ ဗိုလ်မှူးချုပ်အောင်ကျော်ဟိုး အပတ်စဥ် ၇၇၊ ဗိုလ်ချုပ်တိုးရီ အပတ်စဥ် ၇၇၊ ဗိုလ်ချုပ်ကြီးရဲဝင်းဦး အပတ်စဥ် ၇၇ တို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရကတည်းက အာဏာသိမ်းစစ်ခေါင်းဆောင် လက်ထက်အထိ ကာကွယ်ရေးဦးစီးချုပ် ၁၀ ဦးရှိပြီး ကာကွယ်ရေးဦးစီးချုပ်များမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မှူးချုပ်လက်ျာ၊ ဒုတိယဗိုလ်ချုပ်ကြီး စမစ်ဒွန်း၊ ဗိုလ်ချုပ်နေဝင်း၊ ဗိုလ်ချုပ်ကြီးစန်းယု၊ ဗိုလ်ချုပ်ကြီးသူရတင်ဦး၊ ဗိုလ်ချုပ်ကြီးသူရကျော်ထင်၊ ဗိုလ်ချုပ်ကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဖြစ်ပြီး ၁၁ ဦးမြောက် တပ်ချုပ်ဖြစ်လာသူက ဗိုလ်ချုပ်ကြီးရဲဝင်းဦး ဖြစ်ပါတယ်။

သမ္မတဖြစ်ချင်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေနဲ့ တပ်ချုပ်ရာထူးကို ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ ဒုတပ်ချုပ်ရာထူးကို ဗိုလ်ချုပ်ကြီးကျော်စွာလင်းကို တာဝန်လွှဲပေးခဲ့ပေမဲ့ နိုင်ငံအတွင်း ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် စိုးရိမ်နေတဲ့ တပ်မိသားစုဝင်တွေလည်း ရှိပါတယ်။

“ဘယ်သူပဲ တပ်ချုပ်ဖြစ်ဖြစ် လက်အောက်ငယ်သားတွေဘဝက သေမထူး နေမထူးဖြစ်လို့ ဘာမှ မထူးဘူး။ ကျနော်တို့လိုချင်တာက စစ်ရေးအတွေ့အကြုံရှိပြီး တုံးဆိုတိုက် ကျားဆိုကိုက်နေမဲ့ ခေါင်းဆောင်မျိုး။ ခက်တာက အခုဖြစ်လာတဲ့ တပ်ချုပ်ရော ဒုချုပ်ရောက စစ်တခါမှ မတိုက်ဘူးတော့ စစ်တပ်ရဲ့ အနာဂတ် ရှေ့ရေး မတွေးရဲဘူး” လို့ ပြောရင်း လက်ရှိစစ်တပ်ရဲ့ အခြေအနေကို ရှင်းပြပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် တာဝန်ယူခဲ့တဲ့အချိန်မှာ ၁၀၂၇ စစ်ဆင်ရေးကြောင့် အရှေမြောက်တိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ တပ်ရင်းစခန်း ၁၀၀ ကျော် ဆုံးရှုံးခဲ့ပြီးနောက် စိတ်ဓာတ်ကျဆင်းနေတဲ့ တပ်မိသားစုဝင်တွေအနေနဲ့ အသစ်တက်လာတဲ့ တပ်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးအပေါ် ယုံကြည်မှုကင်းမဲ့ပြီး စိုးရိမ်စိတ်တွေလည်း ရှိနေပါတယ်။

မြင့်မြတ်သူ

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013