DVB Logo
Home
မြန်မာသတင်း
ကာကွယ်ရေးဦးစီးချုပ်အသစ် ပြောင်းသော်လည်း လူထုအပေါ်  ဖိနှိပ်မှုပိုတိုးလာမည်ဟု သုံးသပ်
ဝေဝေ
·
April 1, 2026
Photo: CINCDS
Photo: CINCDS
Donate to DVB

စစ်တပ်အာဏာတည်မြဲရေးနဲ့ စစ်ခေါင်းဆောင်ရဲ့ လိုအင်တွေ ဖြည့်ပေးဖို့ ကာကွယ်ရေးဦးစီးချုပ် အသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦး ကလည်း လူထုအပေါ် ဖိနှိပ်မှုတွေ ပိုဆိုးလာမဲ့ အလားအလာရှိကြောင်း နိုင်ငံရေးနဲ့ စစ်ရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တပည့်အရင်းဖြစ်တဲ့အပြင် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် (စရဖ) ဗိုလ်ချုပ်ကြီး ဖြစ်တဲ့အတွက် တပ်တွင်း ထူးခြားတဲ့ ပြောင်းလဲမှုတွေ မဖြစ်လာနိုင်သလို လူထုအတွက်လည်း ဖိနှိပ်မှုတွေက ဆက်ရှိနေဦးမှာဖြစ်ကြောင်း နိုင်ငံရေးနဲ့ စစ်ဘက်ရေးရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက “လက်ရှိ တပ်ချုပ် ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ ပြုပြင်ပြောင်းလဲရေးဝါဒီလို့ ကျနော်တို့ မမြင်ဘူး။ သူသည် စစ်ခေါင်းဆောင်ရဲ့ အလိုကျ သဘောဆန္ဒကိုပဲ အကောင်အထည်ဖော်မဲ့လူ၊ သူ့စစ်ခေါင်းဆောင် သူ အပါအဝင် သူ့ရဲ့ ကိုယ်ကျိုးစီးပွား အာဏာနဲ့ ရှေ့က စစ်ခေါင်းဆောင်ရဲ့ အကျိုးစီးပွား အာဏာပေါ်မှာပဲ အခြေတည်ပြီး ပြောင်းလဲမဲ့သူတွေလို့ ကျနော်တို့ မြင်တယ်ပေါ့နော်။ ဒီတလျှောက်ကို ပြန်ကြည့်ရင် သူ့ စစ်ခေါင်းဆောင်ရဲ့အမိန့်၊ တာဝန်ပေးမှု၊ စေခိုင်းမှုအပေါ်မှာပဲ အတိအကျ လိုက်နာ ဖော်ဆောင်တဲ့လူပဲ ဖြစ်တယ်။ လက်ရှိလည်း သူ တချို့ တပ်အကြီးအကဲဖြစ်လာတဲ့ အချိန်မှာတော့ ဒီအတိုင်းပဲပေါ့နော်၊ သူ့ဆရာရဲ့ အာဏာတည်မြဲရေးမှာ ဆက်လက်ပါဝင် အားဖြည့်မယ်၊ တခြား တပ်ပိုင်းဆိုင်ရာမှာလည်း သူတို့ ဒီအတိုင်းပဲ ရှုမြင်လုပ်ဆောင်လိမ့်မယ်လို့ ကျနော်တို့ မြင်တယ်” လို့ ပြောပါတယ်။

စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် (စရဖ) ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို မတ် ၄ ရက်မှာ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) အဖြစ် ရာထူးတိုးမြှင့်ခဲ့ပြီး မတ် ၂၉ ရက်မှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို လွှဲပြောင်းရယူစေခဲ့ပြီး မတ် ၃၀ ရက်မှာ တရားဝင်အခမ်းအနားနဲ့ တပ်ချုပ်ရာထူးကို လွှဲပြောင်းပေးခဲ့ပါတယ်။ 

ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက စစ်တက္ကသိုလ် DSA ကျောင်းဆင်းမဟုတ်ဘဲ ဗိုလ်သင်တန်းကျောင်း OTS အမှတ်စဉ် ၇၇ ဆင်းတယောက်ဖြစ်တဲ့အပေါ်မှာလည်း တပ်ချုပ်တယောက်ရဲ့ အရည်အချင်းနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

မဇ္ဈိမသတင်းဌာန သတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာ ဦးစိန်ဝင်းက “ကာချုပ် ဆိုတာ ပထဝီဝင်နိုင်ငံရေး Projection တွေ ဘာတွေ နားလည်ရတယ်။ ဥပမာ ယူကရိန်းစစ်ပွဲပြီးရင် ဒီ အရှေ့တောင်အာရှ ဘာဖြစ်မလဲ ဆိုတဲ့ဟာမျိုး နားလည်တာ။ ပြီးတဲ့အခါကျရင် အဲဒီဟာတွေ ဖြစ်လာနိုင်ခြေရှိတဲ့ဟာတွေကို သူက ကာကွယ်ရေးဝန်ကြီးတို့ သမ္မတတို့ကို တင်ရတယ်။ အဲဒီ သမ္မတတို့ ကာကွယ်ရေးဝန်ကြီးတို့ကတော့ ဘတ်ဂျက်ပေါ့၊ သမ္မတကတော့ သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ စစ်သေနာပတိ ဆိုတဲ့ဟာမျိုး၊ အဲဒါမျိုး သွားတာ။ ပြောရရင်တော့ စစ်ရည်စစ်သွေး စစ်သားရဲ့ ပရော်ဖက်ရှင်နယ် အလုပ်ကို လုပ်ပြီးတော့ လာတာ။ မြန်မာပြည် စစ်တပ်က အဲလို မဟုတ်ဘူး။ မြန်မာပြည်စစ်တပ်က နိုင်ငံရေး ကဲတယ်၊ ပြောရရင်တော့ အခု အမွေပေးသွားတာက သူ့ကို နာခံမဲ့လူ” လို့ ပြောပါတယ်။

တပ်တွင်းမှာ ဒုတိယကာကွယ်ရေးဦးစီးချုပ်(ဟောင်း) ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို တပ်ချုပ်အသစ် ဖြစ်လာဖို့ မျှော်လင့်ထားကြပြီး တပ်တွင်း မကျေလည်မှုတွေ ရှိနေပေမဲ့လည်း တပ်ရဲ့ ဖွဲ့စည်းပုံကြောင့် ဘာမှထူးခြားလာမှ မဟုတ်သလို တပ်တွင်းပြောင်းလဲမှုတွေ မျှော်လင့်လို့ မရကြောင်း ကိုနောင်ရိုးက ဆက်ပြောပါတယ်။

ဒါ့အတူပဲ လက်ရှိမှာ ဒုသမ္မတအဖြစ် ရွေးချယ်ခံထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တပည့်ရင်းဖြစ်တဲ့အတွက် တိုင်းပြည်နဲ့ ပြည်သူတွေကို ပိုပြီး ဖိနှိပ်မှုတွေ လုပ်ဆောင်လာနိုင်ကြောင်း ထောက်ပြ ပြောဆိုပါတယ်။

ကိုနောင်ရိုးက “တပ်က တကယ်လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုဆီ၊ နိုင်ငံတော်နဲ့ နီးစပ် နိုင်ငံတော်ကို အကျိုးပြုတဲ့ တပ်ဖွဲ့ဆီ ပြောင်းလဲမဲ့ အနေအထား ကျနော်တို့ မတွေ့ရဘူး။ နိုင်ငံရေး အင်အားစုတွေနဲ့ ဆန့်ကျင်ဘက် အင်အားစုတွေကို ဆက်လက် နဂိုအတိုင်းပဲပေါ့နော်၊ အပြင်းအထန် ဆက်ပြီးတော့ သူတို့ နှိပ်ကွပ်မဲ့၊ တိုင်းပြည်ကို ဆက်လက် ဖိနှိပ်မှုယန္တရားအဖြစ်ပဲ ဆက်ဦးဆောင်မဲ့ သူတွေလို့ မြင်ပါတယ်။ အခုအနေအထားဆိုရင် ဆရာရော တပည့်ရောပါ ဌာနခွဲပြီး တိုင်းပြည်ကို ဖိနှိပ်ကြလိမ့်မယ်လို့ မြင်တယ်ပေါ့နော်။ အရင်တုန်းက ဆရာနဲ့ တပည့် တဖွဲ့တည်းကနေ တဌာနတည်းကနေ တိုင်းပြည်ကို ဖိနှိပ်နေတာပေါ့။ အခုကျတော့ ဆရာက သမ္မတ အနေနဲ့ တိုင်းပြည်ကို ဖိနှိပ်မယ်၊ ခြေလှမ်းမယ်၊ ချောက်ထဲကို သူတို့ ဆွဲမယ်။ တပည့်ကလည်း တပ်အကြီးအကဲ ဆိုတော့ ဆရာက နိုင်ငံအကြီးအကဲ၊ တပည့်က တပ်အကြီးအကဲ အနေနဲ့ ဆရာ တပည့် နှစ်ယောက် ပေါင်းပြီးတော့ တိုင်းပြည်ကို ဒီထက်နက်တဲ့ ချောက်ထဲကိုပဲ ဆက်ဆွဲမဲ့ အခင်းအကျင်းလို့ အစ်ကိုတို့က ဒီလိုပဲ ရှုမြင်တာပေါ့နော်” လို့ ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်ချုပ်တာဝန်ကို ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို လွှဲပေးခဲ့သလို ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း ဒုချုပ်တာဝန်ကို ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးရဲဝင်းဦးက မြန်မာနိုင်ငံရဲ့ ၁၁ ယောက်မြောက် ကာကွယ်ရေးစီးချုပ်လည်း ဖြစ်ပါတယ်။ 

 

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013