
လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိ၊ စစ်သည်တွေ၊ အငြိမ်းစားအရာရှိ၊ စစ်သည်နဲ့ ကျဆုံးသွားတဲ့ အရာရှိ၊ စစ်သည်တွေရဲ့ သားသမီးတွေအတွက် ရန်ကုန်နဲ့ နေပြည်တော်မှာ လူငယ်ပညာရေးသင်တန်းကျောင်း ဖွင့်လှစ်ပေးသွားမယ်လို့ ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောပါတယ်။
ဧပြီ ၈ ရက် မနက်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညို အမှတ် ၂ ရုပ်သံထုတ်လွှင့်ရေးတပ်မှာ ပြုလုပ်တဲ့ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးရဲ့ ၇၉ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးရဲဝင်းဦးက “နိုင်ငံရှိနေသရွေ့ စစ်တပ်ဆိုတာ ရှိသွားမှာဖြစ်ပြီး အသိပညာ၊ အတတ်ပညာများနဲ့ ပြည့်စုံသည့် စစ်သားအရင်းအမြစ်ကောင်းများ စဉ်ဆက်မပြတ် ထွန်းကားရေးမှာ အရေးကြီးသည့်အချက် ဖြစ်သည့်အတွက် လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှ စတင်၍ ပညာရေးနှင့်ပတ်သက်သည့် ကဏ္ဍသစ်တခုအတွက် ရန်ကုန်နဲ့ နေပြည်တော်မှာ လူငယ်ပညာရေးသင်တန်းကျောင်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး အဆိုပါပညာရေးကဏ္ဍသစ်မှာ စစ်တပ်မှ တာဝန်ထမ်းဆဲ၊ အငြိမ်းစား၊ ကျဆုံးအရာရှိ၊ စစ်သည်တွေရဲ့ သားသမီးတွေကို သင်ကြားပေးသွားမှာ ဖြစ်တယ်” လို့ ပြောပါတယ်။
စိတ်ဓာတ်စစ်ဆင်ရေးတပ်တွေမှာ အသိပညာရှင်၊ အတတ်ပညာရှင်များနဲ့ စာပေ၊ ဂီတ၊ မီဒီယာ စတဲ့ သဘောသဘာဝအပေါ် အခြေခံပြီး ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့တွေ ဖြစ်တဲ့အတွက် ပညာရေးမှာ အရေးကြီးပြီး နောင်တက်လာမဲ့ အစိုးရသစ်ကိုလည်း ကူညီပေးသွားဖို့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောပါတယ်။
ဒါဟာ စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူး တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း လုပ်ကိုင်သွားတဲ့ စစ်ဆင်ရေးတပ်ခွဲ လက်အောက်ခံ ပညာကျောင်းများကိစ္စနဲ့ ပတ်သက်ပြီး အသစ်ခန့်ထားတဲ့ ဗိုလ်မှူးချုပ်ရဲရင့်အောင်ကို သတိပေးပြောဆိုတာ ဖြစ်တယ်လို့ နေပြည်တော် သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။
“စိတ်ဓာတ်စစ်ဆင်ရေးလက်အောက်ခံ တပ်တွင်းကျောင်း တင်ဒါကိစ္စတွေကို ဇော်မင်းထွန်းလို လုပ်ရင် အရေးယူခံရမယ်ဆိုတာ သိအောင် နောက်တက်လာတဲ့ ညွှန်ကြားရေးမှူးကို တိုက်ရိုက်မပြောဘဲ သွယ်ဝိုက်တဲ့သဘောနဲ့ ပြောပြီး သတိပေးသွားတာ။ လူငယ်သင်တန်းကျောင်းတွေက ၂၀၂၅ ကတည်းက ဖွင့်ဖို့ စိတ်ဓာတ်စစ်ဆင်ရေးကို တင်ဒါပေးထားတာ။”
၇၉ နှစ်မြောက် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး နှစ်ပတ်လည်နေ့မှာ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ ရုပ်ရှင်သရုပ်ဆောင် ရန်အောင်၊ ခန့်စည်သူ၊ စိုးမြတ်သူဇာ၊ မေသန်းနုတို့ အပါအဝင် ဟာသအစည်းအရုံးအဖွဲ့နဲ့ပါ ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ တွေ့ဆုံခဲ့ကြပါတယ်။










