
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စစ်ကောင်စီဂိတ်မှာ ဖမ်းဆီးခံရပြီး စစ်မှုထမ်းသင်တန်း တက်ခဲ့ရတဲ့ အရပ်သားတယောက် ထွက်ပြေးလွတ်မြောက်လာတယ်လို့ လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ ဆီက သိရပါတယ်။
မိသားစု စားဝတ်နေရေး အခက်အခဲကြောင့် ပြောင်းရွှေ့အလုပ်လုပ်ဖို့သွားတဲ့ ရေစကြိုမြို့နယ်က အရပ်သားတယောက်ကို ကန့်ဘလူမြို့နယ်မှာရှိတဲ့ စစ်ကောင်စီဂိတ်က ဖမ်းဆီးပြီး ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့မှာ ၁၂ ပတ်ကြာ စစ်သင်တန်း တတ်ရောက်ခဲ့ရတယ်လို့ ဆိုပါတယ်။
လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃ ရဲ့ တာဝန်ရှိသူတယောက်က “ရေစကြိုမြို့နယ်ကနေ မိသားစုစားဝတ်နေရေးအတွက် အပြင်ထွက် အလုပ်လုပ်တာမှာ ကန့်ဘလူက စစ်ကောင်စီဂိတ်မှာ ဖမ်းဆီးခံရသူပါ။ ကျနော်တို့နဲ့ မဟာမိတ်တွေက ခဏထိန်းသိမ်းပေးထားပြီး မတ်လ ၈ ရက်နေ့မှာ အုပ်ထိန်းသူတွေဆီ ပို့ဆောင်ပေးခဲ့ပါတယ်။ လက်နက်ခဲယမ်းတော့ ပါမလာဘူး”လို့ ပြောပါတယ်။
အဲဒီ အရပ်သားကို စစ်ကောင်စီတပ်က စစ်မှုထမ်းအပတ်စဉ် ၁၉ တက်ရောက်စေပြီးနောက် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်က စစ်ကောင်စီတပ်ရင်း ၁၁၉ ကို ပို့ဆောင်ခဲ့ချိန် စစ်ကိုင်း တပ်မ ၃၃ မှာ ယာယီနားခိုနေစဉ် လျှပ်စီးတပ်ခွဲနဲ့ချိတ်ဆက်ပြီး ထွက်ပြေးလာတာလို့ ဆိုပါတယ်။
မတ် ၅ ရက်နေ့မှာ ထွက်ပြေးလာခဲ့တာဖြစ်ပြီး မတ်လ ၇ ရက်မှာ လျှပ်စီးတပ်ခွဲဆီကို ရောက်ခဲ့ပြီးနောက် မတ် ၈ ရက်မှာ အုပ်ထိန်းသူတွေဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က အရပ်သားတွေကို ပေါ်တာဆွဲဖမ်းဆီးတာ၊ ရပ်ကွက်တွေကနေ လူစာ ရင်းကောက်ယူပြီး စစ်မှုထမ်းခိုင်းတာတွေ အများအပြားပြုလုပ်လာတာဖြစ်ပြီး အပတ်စဉ်တခုကို လူ ၄,၅၀၀ ဝန်းကျင်အထိ ကောက်ယူနေတာဖြစ်ပါတယ်။











