
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ရခိုင်ပြည်နယ်ပြင်ပကို ထွက်ခွာဖို့ကြိုးစားမှုနဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ လူငယ်တွေကို အာရက္ခတပ်တော် (AA)က စစ်သင်တန်းကို ပို့လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
သံတွဲမြို့နယ်ထဲ ဒေသအစုံက လူငယ် အယောက် ၈၀ ကျော် ဖမ်းဆီးခံထားရတာ ဖြစ်ပြီး အားလုံးကို ပြီးခဲ့တဲ့ရက်ပိုင်းက စစ်သင်တန်းပို့လိုက်တာလို့ AA နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“အဲဒီနေ့က ည ၁၀ နာရီလောက်ကြီး ကားနဲ့ခေါ်သွားတာ။ စစ်မှုထမ်းရဖို့ ဆိုပြီးတော့ သင်တန်းပို့လိုက်တယ်။ ပြစ်မှုထင်ရှားလို့ ပြစ်ဒဏ်ခတ်တယ်ဆိုတာက တရားရုံးရဲ့ စီရင်ပိုင်ခွင့်လေ။ တရားရုံးကို ကျော်လွန်ပြီး စစ်ဒေသက သူတို့ရဲ့ စိတ်ကြိုက်ဖန်တီးယူနေတဲ့ ကိစ္စတွေက အောက်ခြေမှာ တော်တော်ဆိုးနေတယ်။ အရင် စစ်ကောင်စီလက်ထက်ကလိုပဲ၊ ဘာမှလုပ်ပိုင်ခွင့်မရှိဘူး။ အဲဒီလူတွေဟာ လပေါင်းများစွာ ဖမ်းခံထားရပြီး တရားရုံး တကြိမ်တောင် မတက်လိုက်ရဘူး။”
ဖမ်းဆီးခံထားရသူ ၈၀ ကျော်ထဲက ကျန်းမာရေးမကောင်းသူ ၂ ယောက်ပဲ ကျန်ခဲ့ပြီး သင်တန်းပို့ခံရသူတွေဟာ ဘယ်ရောက်နေတယ်ဆိုတာ မိသားစုတွေက မသိရဘူးလို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ နွေရာသီကနေစလို့ ဒေသခံ လူငယ်အများအပြားဟာ ရခိုင်ပြည်နယ်ထဲမှာပဲ သွားလာရင်း AA ဆီမှာ ဖမ်းဆီးခံခဲ့ကြရတာပါ။
မိသားစုနဲ့ နီးစပ်သူတယောက်က “အသက် ၁၆ နှစ်အရွယ်တွေလည်း ပါတယ်။ ယောက်ျားလေးရော၊ မိန်းကလေးရောပဲ။ တချို့က ရန်ကုန်ကို သွားတာ မှန်တယ်၊ ကျောင်းတက်ဖို့ သွားကြတာ။ ဒါပေမဲ့ ဂွမြို့နယ်ထဲမှာပဲ ဖမ်းဆီးခံရတာများတယ်။ ဂွမြို့နယ်ဆိုတာ ရခိုင်ပြည်နယ်ထဲမှာပဲ ရှိတာ။ အသက်မပြည့်သေးတဲ့သူတွေပါလို့ ပြန်လွှတ်ပေးမယ်၊ ဗိုလ်ချုပ်မွေးနေ့မှာ ပြန်လွှတ်ပေးမယ် ဆိုပြီး သံတွဲက စခန်းမှာ ထားထားတာ။ အခု သွားကြည့်တော့ မရှိတော့ဘူး။ မေးကြည့်တော့ စစ်ဒေသကလုပ်တာ သူတို့နဲ့မဆိုင်ဘူးလို့ ပြောတယ်” လို့ ပြောပါတယ်။
သံတွဲမြို့က ဖမ်းဆီးခံထားရတဲ့ လူငယ်တွေကို စစ်သင်တန်းပို့တဲ့ကိစ္စ အာရက္ခတပ်တော် (AA) ဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။
AA ဟာ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (National Defence Emergency Provision-NDEP) ကို ၂၀၂၅ ခုနှစ်၊ မတ် ၁၈ ရက်မှာ စတင်ပြဋ္ဌာန်းလိုက်ပြီးနောက် စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ ရခိုင်ပြည်နယ်က လူငယ်တွေကို ပြည်နယ်ပြင်ပထွက်ခွင့် တားမြစ်လိုက်တယ်လို့ မေ ၂၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အမျိုးသားဆိုရင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းရှိတဲ့သူတွေကို ပြည်နယ်ပြင်ပသွားလာခွင့်မပြုဘဲ အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနက ကုသမပေးနိုင်တဲ့ ပြင်းထန်ရောဂါရှိတဲ့ လူနာတွေ၊ အသက်အန္တရာယ်စိုးရိမ်ရတဲ့ လူနာတွေကိုတော့ သွားလာခွင့်ပြုထားပါတယ်။
ပြီးတော့ စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ရခိုင်မှတ်ပုံတင် ကိုင်ဆောင်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးငွေညှစ်တာ၊ ပြန်ပေးဆွဲသလို ဖမ်းဆီးထိန်းသိမ်းတာ၊ ပုဒ်မအမျိုးမျိုးနဲ့ မတရားသဖြင့် ထောင်ချတာ၊ လူသတ်အလောင်းဖျောက်မှု အန္တရာယ်တို့က ကင်းလွတ်စေဖို့၊ စစ်တပ် ထောင်ထားခဲ့တဲ့ စွန့်လွှတ်မိုင်းတွေ မနင်းမိစေဖို့၊ စစ်တပ်ထိန်းချုပ်တဲ့မြို့ကိုရောက်ပြီး စစ်မှုထမ်းဖို့ စုဆောင်းမခံရစေဖို့၊ လူမှောင်ခိုဂိုဏ်းတွေရဲ့ ကျားဖြန့်ဂိုဏ်းတွေလက်ထဲကို မရောက်ရှိစေဖို့ စတဲ့ ရည်ရွယ်ချက်နဲ့ တားမြစ်ထားတာလို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်နဲ့ ပြည်မ ကုန်စည်ကူးသန်းရေးနဲ့ လျှပ်စစ်မီးကို စစ်အာဏာရှင်တပ်က ပိတ်ပင်ထားသလို အင်တာနက်နဲ့ ဖုန်းလိုင်းသုံးခွင့်ကို AA က ပိတ်ပင်ထားတာကြောင့် အလုပ်အကိုင်၊ ငွေကြေးရှားပါးပြီး ဒေသခံတွေဟာ နည်းမျိုးစုံနဲ့ ပြည်မဘက်ကို ထွက်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
အဲဒီလိုထွက်ဖို့ ကြိုးစားသူတွေကို AA က ဖမ်းဆီးသလို စစ်အာဏာရှင်တပ်ကလည်း နိုင်ငံတဝန်း ဒေသအနှံ့အပြားမှာ လူငယ်တွေကို အဓမ္မပေါ်တာဆွဲတာ စစ်မှုထမ်းခိုင်းတာနဲ့ ရှေ့တန်းစစ်မျက်နှာမှာ လူသားတံတိုင်းအဖြစ် ခိုင်းစေတာတွေ လုပ်ဆောင်နေတာပါ။










