
၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြို့နယ်တွေကို လူငယ်သင်တန်းကျောင်း ၁၃ ကျောင်းမှာ တက်မဲ့လူငယ်တွေ စာရင်းကောက်ပေးဖို့ စစ်အာဏာရှင်လက်အောက်ခံ တိုင်းအစိုးရက မေ ၉ ရက်က ညွှန်ကြားထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကနေ သိရပါတယ်။
မရှိနွမ်းပါးသူတွေ၊ ကျောင်းသားဦးရေများတဲ့ မိသားစုတွေ၊ အခြေခံပညာကျောင်းတက်ဖို့ အခက်အခဲ ရှိသူတွေကို ဦးစားပေး စာရင်းကောက်ခိုင်းတာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
“မေ ၈ ရက်နေ့က အစည်းအဝေးလုပ်ပြီး ၉ ရက်နေ့မှာ မြို့နယ်ကို ပုံစံဖောင်တွေ ချပေးတယ်။ ဘယ်လိုကောက်ရမယ် ဆိုတာတော့ မြို့နယ်က ညွှန်ကြားချက်မထွက်သေးဘူး။ အစည်းအဝေးအရဆို မရှိနွမ်းပါးသူတွေ၊ ကျောင်းသားဦးရေများတဲ့ မိသားစုတွေ ဦးစားပေး ကောက်ရမှာ။”
မေ ၂၂ ရက်မှာ စတင် ကျောင်းအပ်လက်ခံမဲ့ လူငယ်သင်တန်းကျောင်း ၁၃ ကျောင်းမှာ လာရောက်အပ်နှံသူကျောင်းသား မရှိတဲ့အတွက် ကာကွယ်ရေးကတဆင့် ပြည်ထဲရေးကို အကူအညီတောင်းကာ ထွေအုပ်၊ ရပ်ကျေးအုပ်ချုပ်ရေးနဲ့ ပူးပေါင်းလုပ်ဆောင်တာလို့ သတင်းအရင်းအမြစ်က ရှင်းပြပါတယ်။
ဘယ်လိုအခက်အခဲရှိရှိ စစ်သင်တန်းပေးမဲ့ လူငယ်သင်တန်းကျောင်းကို ပို့မှာမဟုတ်ဘူးလို့ ကျောင်းသားမိဘတယောက်က ပြောပါတယ်။
“လှည်းကူးမှာ လူငယ်သင်တန်းကျောင်းတကျောင်း မေလ ၇ ရက်က ဖွင့်ပွဲလုပ်တာ။ တပ်က ကလေးတွေကို ဘယ်လို ပညာသင်ပေးမှာ၊ အသုံးစရိတ်အတွက်လည်း တလ ကျပ် ၄၀,၀၀၀ ထောက်ပံ့မှာဆိုပြီး စည်းရုံးတယ်။ ဘယ်လိုအခက်အခဲပဲရှိရှိ ကိုယ့်သားသမီးကို ကိုယ့်မျက်စိအောက်က ကျောင်းမှာပဲ ထားမယ်။ ကျောင်းပြီးတာနဲ့ စစ်မှုထမ်းရမဲ့ဘဝမျိုး အရောက်မခံဘူး။”
စစ်တပ်ကတော့ လူငယ်ပညာသင်ရေးသင်တန်းကျောင်းမှာ ကျောင်းတက်မဲ့ကလေးတွေကို ၉ တန်းကနေ ၁၂ တန်းအထိကို တပ်သားတယောက်ရဲ့ လစာ ၃၀ ရာခိုင်နှုန်းကနေ ၅ဝ ရာခိုင်နှုန်းအထိ ပေးမယ်ဆိုပြီး မက်လုံးပေး စည်းရုံးနေပါတယ်။
ဧပြီ ၉ ရက်က တပ်ချုပ်အသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိ၊ စစ်သည်တွေ အငြိမ်းစားအရာရှိ၊ စစ်သည်နဲ့ ကျဆုံးသွားတဲ့ အရာရှိ၊ စစ်သည်တွေရဲ့ သားသမီးတွေအတွက် ရန်ကုန်နဲ့ နေပြည်တော်မှာ လူငယ်ပညာရေးသင်တန်းကျောင်းကို ဖွင့်လှစ်ဖို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ကနဦးက ရန်ကုန်နဲ့ နေပြည်တော်မှာ အမှတ် ၁၊ အမှတ် ၂ သင်တန်းကျောင်းကို ဖွင့်ဖို့စီစဥ်ခဲ့ပြီးနောက် မေ ၃ ရက်မှာ တောင်ငူ၊ မိတ္တီလာ၊ မြိတ်၊ အောင်ပန်း၊ ပုသိမ်၊ မော်လမြိုင်၊ မြစ်ကြီးနား၊ စစ်တွေ၊ လားရှိုး၊ မုံရွာနဲ့ ကျိုင်းတုံမြို့မှာ အမှတ် ၃ ကနေ အမှတ် ၁၃ အထိ ထပ်တိုးဖွင့်ခဲ့တာ ဖြစ်ပါတယ်။










