
အမေရိကန်ပြည်ထောင်စု၊ မီချီဂန်ပြည်နယ်တောင်ပိုင်းမှာ လေဆင်နှာမောင်းတွေနဲ့ ပြင်းထန်တဲ့ မုန်တိုင်းတွေကြောင့် မတ် ၆ ရက်က လူ ၈ ယောက်ထက်မနည်း သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရခဲ့ပါတယ်။
အိမ်တွေအမြောက်အမြား ပျက်စီးခဲ့ပြီး ဒေသခံ ရာပေါင်းများစွာ လျှပ်စစ်မီးပြတ်တောက်ခဲ့တယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။
ဒီဒေသအတွက် လေဆင်နှာမောင်း သတိပေးချက်တွေကို အမျိုးသားရာသီဥတုဌာနက သောကြာနေ့မှာ ထုတ်ပြန်ပြီးတဲ့နောက် မကြာမီ Three Rivers နဲ့ Union City မြို့တွေမှာ လေဆင်နှာမောင်းကြီးတွေ တိုက်ခတ်လို့ အဆောက်အအုံအမိုးတွေ ပျက်စီးပြီး လေထဲလွင့်ပါနေတာကို လူမှုမီဒီယာပေါ်က ဗီဒီယိုတွေမှာ တွေ့ရပါတယ်။
Union City မြို့က ဘရန့်ချ်မြို့နယ်မှာ သေဆုံးသူ ၃ ယောက်နဲ့ ဒဏ်ရာရရှိသူ ဆယ်ဂဏန်း ရှိတယ်လို့ ဒေသန္တရ အုပ်ချုပ်ရေးရုံးက ပြောပါတယ်။
လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် လူရာပေါင်းများစွာ ထိခိုက်ခဲ့ရတယ်လို့ ဒေသခံအရာရှိတွေက ပြောပါတယ်။
“လျှပ်စစ်ဓာတ်တိုင် အများကြီး လဲကျနေပြီး ထရန်စဖော်မာတွေ ပျက်စီးနေသလို မြေပြင်ပေါ်မှာ ဓာတ်ကြိုးတွေ ပြတ်ကျနေတာပါ။ ယူနီယံရေကန်ရဲ့ မြောက်ဘက်ခြမ်းမှာ အဆိုးရွားဆုံး ပျက်စီးခဲ့ရပြီး နှစ်မိုင်ရှည်တဲ့ ဓာတ်အားလိုင်းတွေ ပြိုလဲသွားတယ်၊ ပြန်လည်ထူထောင်ရေးက ရက်တော်တော်ကြာနိုင်တယ်” လို့ Union City ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြပါတယ်။
မီချီဂန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက်ချန်ဝှစ်မာက အခြေအနေကို စောင့်ကြည့်ဖို့ ပြည်နယ်အရေးပေါ် လုပ်ငန်းလည်ပတ်ရေးစင်တာတခုကို စတင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
Source: Reuters










