
အားကောင်းတဲ့မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံကို စတင်ဖြတ်ကျော်နေပြီး နောက် ၄၈ နာရီအတွင်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့ကို ဖြတ်ကျော်နိုင်တယ်လို့ မိုးလေဝသဌာနက စက်တင်ဘာ ၂၈ ရက် ဒီနေ့ည ရ နာရီမှာ ထုတ်ပြန်ပါတယ်။
လက်ရှိမှာ အားကောင်းတဲ့မုန်တိုင်းငယ်ဟာ သုံးခွမြို့ရဲ့ အရှေ့-အရှေ့မြောက်ဘက် ရေမိုင် ၃၅ မိုင်လောက်၊ ပဲခူးမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၃၅ မိုင်လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး စစ်တောင်းမြစ်ဝအနီး မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရဲ့ တောင်ဘက်က စတင်ဖြတ်ကျော်နေပြီလို့ ဆိုပါတယ်။
မုန်တိုင်းဟာ လက်ရှိ မြန်မာနိုင်ငံကို စတင်ဖြတ်ကျော်နေပြီဖြစ်လို့ အညိုရောင်အဆင့်လို့ သတ်မှတ်ထားပြီး မြောက်-အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အားကောင်းတဲ့မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် ဒီနေ့ညကနေ စက်တင်ဘာ ၃၀ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်း၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နဲ့ နေရာကွက်မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေကျရောက်ပြီး မိုးသက်လေပြင်းကျတဲ့အချိန် ရေပြင် မြေပြင်လေဟာ တနာရီကို ၃၅ မိုင်ကနေ မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။
အားကောင်းတဲ့ မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် မိုးသည်းသည်းထန်ထန်ရွာတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ ရုတ်တရက်ရေကြီးတာ၊ မြေပြိုတာတို့ ဖြစ်နိုင်တာကြောင့် ကြိုတင်သတိပြုကြဖို့လည်း နှိုးဆော်ထားပါတယ်။
ဒေသခံတော်ချိန် စက်တင်ဘာ ၂၂ ရက်က ကမ္ဘောဒီယားနိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းရိုးတန်းနားမှာ လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်ခဲ့တာလို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုပါတယ်။
အဲဒီနောက် စက်တင်ဘာ ၂၄ ရက်မှာ ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်း၊ စက်တင်ဘာ ၂၅ ရက်ကနေ စက်တင်ဘာ ၂၆ ရက် အထိ ထိုင်းနိုင်ငံအလယ်ပိုင်းကို ဘန်ကောက်မြို့ရဲ့ မြောက်ဘက်ကနေ ဖြတ်သန်းခဲ့ပြီး ဘန်ကောက်မှာလည်း ရေကြီးရေလျှံခဲ့ပါတယ်။
စက်တင်ဘာ ၂၇ ရက်မှာတော့ ထိုင်း-မြန်မာနယ်စပ်နားကိုရောက်လာပြီး ထားဝယ်မြို့ အရှေ့ဘက်ကနေ အနောက်ဘက်ကို ဖြတ်သန်းလာတာပါ။










