
အိန္ဒိယနိုင်ငံမှာ မိုးသည်းပြီး မုန်တိုင်းတိုက်ခတ်လို့ ရေကြီး မြေပြိုတာတွေဖြစ်အပြီး လူ ၅၆ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
မြစ်ရေ မြင့်တက်လာလို့ ရေကြီးရေလျှံခဲ့တဲ့အတွက် အိန္ဒိယ မြောက်ပိုင်းပြည်နယ်ဖြစ်တဲ့ ဥတ္တာပရာဒေ့ရှ်ပြည်နယ်မှာ လူ ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး နေအိမ် ၁၁၇ လုံး ပျက်စီးခဲ့တယ်လို့ ပြည်နယ်အာဏာပိုင်တွေက စက်တင်ဘာ ၂၆ ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။
ပုံမှန်အားဖြင့် ဒီကာလအတွင်း မိုးရေချိန် ၇ ဒသမ ၆ မီလီမီတာသာ ရွာသွန်းလေ့ရှိပေမဲ့ စက်တင်ဘာ ၂၅ ရက်ကနေ ၂၇ ရက်မနက်ပိုင်းအထိ ကာလအတွင်း ဥတ္တာပရာဒေ့ရှ်ပြည်နယ်မှာ မိုးရေချိန် ၆၆ ဒသမ ၅ မီလီမီတာအထိ ရွာသွန်းခဲ့တယ်လို့ ပြည်နယ်ရဲ့ ကယ်ဆယ်ရေးဆိုင်ရာ ကော်မရှင်နာ ဟရီရှီကက်ရှ် ဘာစကာယာရှော့ဒ်က ပြောပါတယ်။
ရေလွှမ်းမိုးခံထားရတဲ့ ဒေသတွေမှာ အာဏာပိုင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး ကယ်ဆယ်ရေးပစ္စည်းတွေ ဖြန့်ဝေပေးနေသလို၊ သီးနှံပျက်စီး ဆုံးရှုံးမှုတွေကို စစ်ဆေးအကဲဖြတ်ရင်း လျော်ကြေးငွေပေးဖို့လည်း တာဝန်ရှိသူတွေကို ညွှန်ကြားထားပါတယ်။
နီပေါနိုင်ငံမှာတော့ ရေကြီးမြေပြိုမှုတွေကြောင့် လူ ၁၄ ယောက်သေဆုံးပြီး ၁၁ ယောက် ပျောက်နေတာပါ၊
ရုတ်တရက် ရေကြီးရေလျှံတာတွေ ထပ်ဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေက စက်တင်ဘာ ၂၇ရက်မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
နီပေါနိုင်ငံရဲ့ ခရိုင် ၇၇ ခုထဲက ၄၉ ခုမှာ ရေဘေးသတိပေးချက် ထုတ်ပြန်ထားပြီး အဓိကမြစ်ရေမျက်နှာပြင် မြင့်တက်လာလို့ ရေကြီးရေလျှံမှုအန္တရာယ်ကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။
ချစ်ဝမ်ခရိုင်က ဗီဒီယိုမှတ်တမ်းထဲမှာ မြစ်ရေလျှံပြီး အိမ်တွေကိုရေတွေ ဖြတ်ကျော်စီးဆင်းနေချိန်မှာ ဒေသခံတွေက အိမ်ခေါင်မိုးပေါ်မှာ ရပ်နေရပါတယ်။
နီပေါနိုင်ငံမှာ သြဂုတ်လကုန်ပိုင်းက တရုတ်နိုင်ငံ တိဘက်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနဲ့ နယ်စပ်အနီးက ရေခဲမြစ်တခု ပြိုကျပြီးတဲ့နောက် သီတင်းပတ် နည်းနည်းအကြာမှာ နောက်ဆုံးမိုးရွာခဲ့ပြီး မြစ်အောက်ဘက် ချိုင့်ဝှမ်းတွေတလျှောက် ရေကြီးမြေပြိုခဲ့တဲ့အတွက် လူပေါင်း ၁၄၅၀ ကျော် သေဆုံးခဲ့ရပါတယ်။
ထိခိုက်ခဲ့တဲ့ ရာစုဝါ့နဲ့ နုဝါကော့တ်ဒေသတွေမှာ သတိရှိသင့်ပေမဲ့ လက်ရှိမှာ အန္တရာယ်များတဲ့ နေရာတွေအဖြစ် မသတ်မှတ်ရသေးဘူးလို့ အမျိုးသားဘေးအန္တရာယ်လျှော့ချရေးနဲ့ စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရှန်တီမာဟတ်က ပြောပါတယ်။










