
နော်ဝေနိုင်ငံရဲ့ မြို့တော် အော်စလိုမြို့က အမေရိကန်သံရုံးမှာ မတ် ၈ ရက်အစောပိုင်းက ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီး အပျက်အစီး နည်းနည်းရှိခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ နော်ဝေရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီဖြစ်ရပ်အပြီးမှာ အဲဒီနေရာကနေ မီးခိုးတွေ ထူထူထပ်ထပ် ထွက်လာတာ မြင်ရတယ်လို့ မျက်မြင်သက်သေ တယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ အဖြူရောင်ဝတ်စုံတွေ ဝတ်ထားတဲ့ ရဲဝန်ထမ်းတွေ အလုပ်လုပ်နေတာကို မတ်လ ၈ ရက်က တွေ့ရပါတယ်။
အော်စလိုအနောက်ပိုင်းက သံရုံးဝင်းထဲကနေ ဒေသစံတော်ချိန် မနက် ၁ နာရီလောက်မှာ ပေါက်ကွဲသံကို ကြားခဲ့ရပြီး အဲဒီနေရာကနေ မီးခိုးတွေ ထွက်လာတာမြင်ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ဖြစ်ရပ်ဖြစ်ပွားချိန်မှာ သံရုံးဆီကို ကားမောင်းလာတဲ့ ၁၈ နှစ် အရွယ် အထက်တန်းကျောင်းသား စီဘတ်စ်ရှံ တိုးအာစတဒ်က “လမ်းပေါ်မှာ မီးခိုးတွေ အရမ်းထူထပ်နေတယ်၊ ဝင်ပေါက်မှာ အပျက်အစီး တချို့ရှိခဲ့တယ်”လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ပေါက်ကွဲမှုက ကောင်စစ်ဝန်ရုံးဝင်ပေါက်မှာ ဖြစ်ခဲ့တာလို့ အော်စလိုရဲတပ်ဖွဲ့က ပြောပါတယ်။
ကျူးလွန်သူတွေကို ရှာဖွေနေဆဲဖြစ်ပြီး အဲဒီနေရာမှာ နောက်ထပ် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ မတွေ့ရဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဖြစ်နိုင်ခြေရှိတဲ့ ရာဇဝတ်သားတယောက်ကို ရှာဖို့ ခွေးတွေ၊ ဒရုန်းတွေနဲ့ ရဟတ်ယာဉ်တွေရဲ့ အကူအညီနဲ့ အခင်းဖြစ်ပွားရာနေရာမှာ စုံစမ်းစစ်ဆေးခဲ့တယ်လို့ အော်စလို ရဲဌာနက ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။
ပုံမှန်လုပ်ငန်းချိန် ပြင်ပမှာ မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို သံရုံးက ချက်ချင်းမတုံ့ပြန်သေးပါဘူး။ အမေရိကန်နိုင်ငံခြားရေးဌာနကလည်း မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ချက်ချင်း မတုံ့ပြန်သေးပါဘူး။











