
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဘိုကိုဟာရမ်နဲ့ ISWAP လက်နက်ကိုင်အဖွဲ့တွေရဲ့ ဘော်နိုပြည်နယ် ငိုရှီးဒေသကို ဝင်ရောက်စီးနင်းတိုက်ခိုက်မှုကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး အသက်ဘေးမှ လွတ်မြောက်လာသူတွေကို ပြည်နယ်အုပ်ချုပ်ရေးမှူး ဘာဘာဂါနာ ဇူလွန်မ်က မတ်လ ၆ ရက်မှာ သွားရောက် တွေ့ဆုံအားပေးခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း ဖမ်းဆီးခေါ်ဆောင်သွားခံထားရတဲ့ အမျိုးသမီးအများအပြား အပါအဝင် ဒေသခံတွေကို ကယ်တင်ပေးနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ကတိပြုခဲ့ပါတယ်။
အကြမ်းဖက်လက်နက်ကိုင်တွေဟာ လူ့အသက်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး နေအိမ်တွေကို မီးရှို့ခဲ့ပြီးတော့ မရေမတွက်နိုင်တဲ့ လူတွေကို ပြန်ပေးဆွဲခဲ့တယ်လို့ ပူလ်ကာရှိ ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ အသက်ရှင်ကျန်သူ အိုက်ရှာ ရှတ်တီမာက ပြောပါတယ်။
နေရာတိုင်းမှာ အလောင်းတွေပြန့်ကျဲနေတာပဲ လို့လည်း ဆိုပါတယ်။ အစိုးရထုတ်ပြန်ချက်အရ ဒီတိုက်ခိုက်မှုကို ဘိုကိုဟာရမ်မှ အုပ်စုခွဲထွက်သွားတဲ့ ISWAP အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ ယူဆရပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့ညနေပိုင်းက ဂိုဇာ ခရိုင်ငိုရှီးမြို့မှာရှိတဲ့ နိုင်ဂျီးရီးယားစစ်တပ် အခြေစိုက်စခန်းကို အင်အားသုံး ဝင်ရောက်စီးနင်းခဲ့ပါတယ်။
အကြမ်းဖက်သမားတွေဟာ စစ်တပ်စခန်းက သေနတ်နဲ့ လက်နက်ခဲယမ်းတွေကို သိမ်းယူခဲ့သလို၊ စစ်တပ်ကိုပါ ဆုတ်ခွာသွားအောင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ခိုက်မှုအတွင်း လူအများအပြား သေဆုံးခဲ့ပြီး အမျိုးသမီးအများအပြား အပါအဝင် လူတွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်ရှိအချိန်ထိ သေဆုံးသူ အရေအတွက် အတိအကျကို မသိရသေးဘဲ ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ပါတယ်။
သူပုန်တွေဟာ စစ်တပ်ရဲ့ အင်အားကို ဖြန့်ထုတ်ပစ်ဖို့နဲ့ စစ်ကူတွေ မြန်မြန်ဆန်ဆန် မရောက်လာနိုင်အောင် ရည်ရွယ်ပြီး တိုက်ခိုက်မှုတွေကို အစီအစဉ်တကျ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
နိုင်ဂျီးရီးယားစစ်တပ်ကတော့ အခုနှစ်အတွင်းမှာ အရှေ့မြောက်ဒေသရှိ သူပုန်စခန်းတွေထဲအထိ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ကာ လက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်နေပါတယ်။
ဒါပေမဲ့ ISWAP နဲ့ ဘိုကိုဟာရမ်အဖွဲ့တွေဟာ ဒေသရဲ့ ခက်ခဲတဲ့ မြေပြင် အနေအထား၊ နယ်စပ်ထိန်းချုပ်မှု အားနည်းခြင်းနဲ့ အစိုးရရဲ့ အုပ်ချုပ်ရေးအာဏာ အားနည်းမှုတွေကို အခွင့်ကောင်းယူပြီး အကြီးအကျယ် တိုက်ခိုက်မှုတွေကို ဆက်လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။










