DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်ကြေးရုပ်များ ဖျက်ဆီးဖယ်ရှားမှု ဥပဒေမဲ့လုပ်ရပ်ဖြစ်ဟု ဥပဒေပညာရှင်များ တုံ့ပြန်
ဝေဝေ
·
July 14, 2026
ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ပုံဟောင်း (Photo: ပင်မသတင်းဌာန (ရွှေဘိုခရိုင်)၊ ရေဦးမြို့နယ် ပကဖ)
ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ပုံဟောင်း (Photo: ပင်မသတင်းဌာန (ရွှေဘိုခရိုင်)၊ ရေဦးမြို့နယ် ပကဖ)
Donate to DVB

မြန်မာ့လွတ်လပ်ရေး ဗိသုကာ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်တုတွေကို ဖြိုချဖျက်ဆီး ဖယ်ရှားမှုတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တာလို့ စစ်အာဏာရှင်ဘက်က ပြောဆိုထားတဲ့အပေါ်  ဥပဒေပညာရှင်တွေက ဥပဒေမဲ့လုပ်ရပ်ဖြစ်တယ်လို့ ပြန်လည် ထောက်ပြထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတွေ အားလုံးကို ဖယ်ရှားနေတာမဟုတ်ဘဲ အချိုးအစားနဲ့ ပုံသဏ္ဌာန် မမှန်ကန်တဲ့ ရုပ်တုတွေကိုသာ ဥပဒေနဲ့အညီ ပြန်လည်စိစစ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း စစ်အာဏာရှင် ပြောရေးဆိုခွင့်ရှိသူ ပြောဆိုထားချက်အပေါ် ဥပဒေဆိုင်ရာ အခြေခံမူတွေနဲ့ လုပ်ထုံးလုပ်နည်းတွေ မရှင်းလင်းဘူးလို့ ဥပဒေပညာရှင်တွေက ပြန်လည်ထောက်ပြထားပါတယ်။

ဥပဒေနဲ့အညီလို့ ပြောဆိုပေမဲ့ ဥပဒေမဲ့ လုပ်ရပ်တွေနဲ့ ဖယ်ရှားခဲ့တာဖြစ်ကြောင်း မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC) က ဝေဖန်ပါတယ်။

BLC အထွေထွေအတွင်းရေးမှူး ဦးမြင့်သိဏ်းအောင်က “အချိုးအစား မမှန်ဘူးဆိုတဲ့ အချက်ကို ဘယ်လိုပုံစံမျိုးနဲ့ ခိုင်လုံအောင် စိစစ်ခဲ့သလဲဆိုတဲ့ အချက်ကိုလည်း မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။ Rule by Law လား၊ Rule of Law လားပေါ့နော်။ ပါးစပ်ကပြောပြီးတော့ လုပ်ချင်သလို လုပ်တာကို ဥပဒေနဲ့အညီလို့ ပြောမယ်ဆိုရင်တော့ ဒါဟာ Rule by Law ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်တာလို့ပဲ ပြောရမှာပဲ။ တကယ့် Rule of Law ပေါ့နော်၊ တရားဥပဒေစိုးမိုးရေးအရ ဆိုရင် လွှတ်တော်ကြီး ရှိနေတယ်ပေါ့နော်။ လွှတ်တော်ရှိနေပြီး လွှတ်တော်ကနေ တညီတညွတ်တည်း အဲဒီ သုံးသပ်ချက်တွေနဲ့ ဆုံးဖြတ်ချက်တွေကို ချပြီး လုပ်တာလား။ အဲလိုဆိုရင်လည်း အဲဒီ လွှတ်တော်ကတော့ သမိုင်းတရားခံဖြစ်မှာ သေချာတယ်။ တရားဝင်ဖြစ်အောင်ပေါ့နော်၊ လူထုရဲ့ သဘောထားတွေကို စစ်တမ်းကောက်တာမျိုးရော ရှိခဲ့ဖူးလား။ အဲဒီလိုမဟုတ်ဘဲနဲ့ ညကြီးသန်းခေါင် လူအင်အားတွေနဲ့ မီးအမှောင်ချပြီး လုပ်တယ်ဆိုတဲ့ ကိစ္စကို ဥပဒေအရလို့ ပြောမယ်ဆိုလို့ရှိရင်တော့ ဒါကတော့ တကယ့်ကို သဘာဝမကျတဲ့ လုပ်ရပ်၊ ဥပဒေမဲ့လုပ်ရပ် ဆိုတာမျိုး ဆရာတို့ မြင်တယ်လို့ပဲ ပြောချင်ပါတယ်ဗျ” လို့ ဝေဖန်ပါတယ်။

ဒါ့အပြင် အချိုးအစားမညီတဲ့ ကြေးရုပ်တွေကို ပြန်လည်စိစစ်တာလို့ ဆိုထားပေမဲ့ အခု ဖယ်ရှား ရှင်းလင်းခံလိုက်ရတဲ့ ကြေးရုပ်တွေမှာ အထိမ်းအမှတ်နေရာတချို့က သက်တမ်းရှည်ကြာတဲ့ ကြေးရုပ်တွေပါ ပါဝင်နေတာကြောင့် စစ်အာဏာရှင် ပြောဆိုထားချက်တွေဟာ အကြောင်းပြချက်သက်သက်သာ ဖြစ်ကြောင်းလည်း ဥပဒေပညာရှင်တွေက တုံ့ပြန်ပါတယ်။

တရားလွှတ်တော်ရှေ့နေတယောက်က “ဖျက်ဆီးခွင့်ရှိတယ်၊ မရှိဘူးဆိုတာ ဥပဒေတော့ မရှိဘူး။ ဒါပေမဲ့ ဒီကြေးရုပ်ပဲ ဖြစ်ဖြစ်၊ အဆောက်အအုံပဲဖြစ်ဖြစ် လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရက ပြုပြင်၊ ရွှေ့ပြောင်း၊ ဖျက်ဆီးဖို့အတွက် လိုအပ်တယ်လို့ ယူဆရင် ပြုလုပ်ခွင့်ရှိတယ် ဆိုတာကတော့ ဥပဒေမှာ ပြဋ္ဌာန်းထားတာပေါ့နော်။ အဓိကကျတဲ့ ရုပ်တုတွေ သူတို့မထားချင်တဲ့ နေရာမှာ ရှိနေတဲ့၊ ထားထားတဲ့ အရာတွေကို သူတို့က ဖျက်ချင်တာ။ ဒါပေမဲ့ အဲဒီ နှစ်ခု သုံးခုတည်းကိုပဲ သူတို့က ဖျက်လိုက်ရတယ်ဆိုတဲ့ အခါမျိုးကျတော့ ပြောစရာဖြစ်မှာစိုးလို့ အဆင်မပြေတဲ့ ရုပ်တုတွေကိုပါ ရှာကြံပြီးတော့ လိုက်ဖျက်တယ်။ အမှန်ကတော့ ဖျက်ဆီးချင်လို့ကို ဖျက်ဆီးတာ။ အဲဒီလိုပဲ သတ်မှတ်ရမှာပဲ။ သူတို့ပြောတဲ့ အကြောင်းပြချက်က မခိုင်လုံဘူး” လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဇွန်လကတည်းက စတင်ပြီး ဗိုလ်ချုပ်အောင်ဆန်းတံတားကနေ သံလွင်တံတားအဖြစ် နာမည်ပြောင်းလဲတာက စလို့ ဗိုလ်ချုပ်ကြေးရုပ်တွေ ဖယ်ရှားလာခဲ့တာဆိုရင် အခု နောက်ဆုံး ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်းထိ ဖယ်ရှားရှင်းလင်းခံခဲ့ရတဲ့ ဗိုလ်ချုပ်ကြေးရုပ်နဲ့ ဓာတ်ပုံ စုစုပေါင်း ၁၈ ခုထိ ရှိလာပြီဖြစ်ကြောင်း DVB က စာရင်းပြုစုထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013