DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းတွင် စစ်တပ်က ကြည်း၊ ရေ၊ လေ အင်အားသုံး တိုက်ခိုက်နေ
DVB
·
March 8, 2026
တနင်္သာရီတိုင်းတွင် စစ်တပ်က ကြည်း၊ ရေ၊ လေ အင်အားသုံး တိုက်ခိုက်နေ
1 / 3
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်နဲ့ မြိတ်ခရိုင်က မြို့နယ်‌တွေကို စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ အင်အားသုံးပြီး တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက် တိုက်ပွဲပြင်းထန်နေပါတယ်။

ရွေးကောက်ပွဲပြီးတဲ့နောက် စစ်တပ်က တနင်္သာရီတိုင်းတခွင်ကို တကျော့ပြန်စစ်ဆင်ရေးတွေ လုပ်လာပြီး လက်လွှတ်ထားရတဲ့နယ်မြေတွေ ပြန်လည်ရရှိဖို့နဲ့ အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာပါ။

စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းမထိုးခင် လေကြောင်းပစ်ခတ်မှုကို လက်ဦးမှုရယူပြီးမှ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးရယူထားတဲ့နယ်မြေ၊ ခြေကုပ်ရယူထားတဲ့ စခန်းတွေကို စစ်ကြောင်းခွဲပြီး ဝင်ရောက်လာတာလို့ ထားဝယ်ခရိုင်တော်လှန်ရေးရဲဘော်တယောက်က DVB ကို ပြောပါတယ်။

“တော်လှန်ရေးအဖွဲ့တွေ သိမ်းထားနိုင်တဲ့နယ်မြေဘက်ကို ထိုးနေတာက တပိုင်း၊ သူတို့ ထိန်းချုပ်ထားတဲ့ မြို့ထဲမဝင်နိုင်အောင် ကာကွယ်နေတာက တပိုင်း၊ တချို့ဆို မြို့အနား ဖြစ်နေတယ်။ စစ်မျက်နှာဖွင့်နေရတဲ့ မြို့နယ်က များတယ်၊ အဓိကတော့ ထားဝယ်ခရိုင်နဲ့ မြိတ်ခရိုင်ထဲကပေါ့၊ သူတို့က ဝေဟင်ကနေ ထောက်လှမ်းတယ်၊ ပြီးတော့ လက်နက်ကြီးပေါ့ အဲဒီလိုမျိုးတွေ ပစ်မယ်၊ အဲဒါဆို သူတို့ စစ်ကြောင်းဝင်လာတယ်။”

လက်ရှိ စစ်ကောင်စီတပ်က သရက်ချောင်း၊ ထားဝယ်အရှေ့တောဒေသ၊ ပုလော၊ ရေဖြူ၊ တနင်္သာရီ၊ လောင်းလုံးမြို့နယ်တို့ကို အင်အားထောင်ချီနဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပြီး ပုလောမြို့နယ်မှာဆိုရင် စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ရှပ်ပုံရွာနဲ့ ပလမြို့အနီးတဝိုက်ကို အင်အား ၃၀၀ ကျော် စစ်ရေးလှုပ်ရှားနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း ၁ ဆီက သိရပါတယ်။

ရေဖြူမြို့နယ်၊ အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းနဲ့ ထားဝယ်အထူးစီးပွားဇုန်တဝိုက်မှာလည်း နှစ်ဖက်တပ်တွေ တိုက်ပွဲဖြစ်နေသလို ဒရုန်း၊ လက်နက်ကြီးပစ်ခတ်မှုတွေ နေ့စဉ်ရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကရင်တော်လှန်ရေးပူးပေါင်းတွေ တိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အချက်အချာကျတဲ့ မောတောင်မြို့အပါအဝင် စစ်ဗျူဟာအရ အရေးပါတဲ့ နယ်စပ်ဂိတ်စခန်းတွေ ပြန်ရဖို့ ၂၀၂၆ ခုနှစ်အစပိုင်းမှာ စစ်ရေးအရှိန်မြှင့်ထားပါတယ်။

အဲဒီနယ်စပ်မြို့၊ ဂိတ်စခန်း၊ ထားဝယ်-ထီးခီးလမ်းပိုင်းနဲ့ တနင်္သာရီ-မောတောင်လမ်းပိုင်းတွေက စစ်ကောင်စီအတွက် စစ်ရေးအရ အရေးပါသလို အခွန်ဘဏ္ဍာငွေရရှိဖို့ လမ်းကြောင်းတခု ဖြစ်နေတာပါ။

လက်ရှိ မောတောင်မြို့ လာရာလမ်းပိုင်း သဲဖြူရွာနဲ့ သိန်းခွန်ရွာတို့မှာ စစ်တပ်က အင်အားအများအပြားနဲ့ အခြေချတပ်စွဲထားပြီး အဲဒီကနေတဆင့် ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုး တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေပါတယ်။

ထားဝယ်-ထီးခီး၊ တနင်္သာရီ-မောတောင် လမ်းပိုင်းအပါအဝင် နယ်စပ်ဘက် စစ်ရေးအခြေအနေကို သိရှိနိုင်ဖို့ KNU တပ်မဟာ - ၄ မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာကို DVB က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တိုက်ပွဲ ပြင်းထန်နေတဲ့အတွက် ဖြေဆိုဖို့ ငြင်းဆန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း ၁ ရဲ့ ပြန်ကြားရေးတာဝန်ခံက “ထီးခီး၊ မောတောင်နယ်စပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်အပြီးမှာ သူတို့ဘက်ကလည်း ပြန်လို ချင်တယ်။ တနင်္သာရီတိုင်းက ကမ်းရိုးတန်းဒေသလည်းဖြစ်တော့ သူတို့ဘက်က လေတပ်အပြင် ရေတပ်ကိုပါ သုံးနိုင်တဲ့ အားသာချက်တွေ ရှိနေတယ်။ ဒါကြောင့် သူတို့ လုပ်နိုင်စွမ်းရှိတာကို သုံးပြတာ ထင်တယ်” လို့ ပြောပါတယ်။

နယ်စပ်ကုန်သွယ်ရေးအရ အရေးပါတဲ့ ထားဝယ်ခရိုင်အတွင်းရှိ ထီးခီးကုန်သွယ်ရေးစခန်းနဲ့ မောတောင်မြို့ အပါအဝင် စစ်ရေးအရအရေးပါတဲ့ တပ်စခန်းအချို့ကို ၂၀၂၅ ခုနှစ်ထဲမှာ ကရင်တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ရရှိထားပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလအစောပိုင်းထဲမှာပဲ သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ် ကားလမ်းပိုင်းတလျှောက်ကို စစ်တပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့သလို လေကြောင်းပစ်ခတ်မှုတွေ နေ့စဉ်ပြုလုပ်ခဲ့ပါတယ်။

DVB က ပြုစုထားတဲ့ အချက်အလက်အရ ဖေဖော်ဝါရီ ၁၂ ရက်ကနေ မတ် ၅ ရက်နေ့အထိ သရက်ချောင်းမြို့နယ်က ကျေးရွာ ၁၀ ရွာထက်မနည်းကို စစ်တပ်က လေယာဉ်ဗုံးကြဲတိုက်ခိုက်မှု ၁၂ ရက်အထိ ရှိခဲ့ပါတယ်။

ဒေသအခြေစိုက် ရဲဘော်တယောက်က “ဒီလထဲမှာပဲ ဝင်းဝရွာဘက်ကို စစ်ကြောင်းထိုးလာတာ အင်အားတော်တော်များတယ်။ အဲဒီဘက်မှာ သူတို့တပ်စွဲထားတာ ရှိတယ်။ ဒီဘက်လည်း တိုက်ခိုက်နေတာရှိတယ်။ တိုက်ပွဲက ဖြစ်နေတုန်းပဲ။ အထိနာတော့ လေကြောင်းကနေ တောက်လျှောက်ပစ်တယ်၊ အရပ်သား ထိခိုက်မှုရှိတယ်” လို့ သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်လမ်းပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး  ပြောပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် နေအိမ် အဆောက်အအုံတွေ ပျက်စီးတာရှိသလို အရပ်သားတွေ ထိခိုက်သေဆုံးတာလည်းရှိပြီး ထွက်ပြေးတိမ်းရှောင်ရသူ ၁၀,၀၀၀ ကျော် ရှိနေပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ တလတာကာလအတွင်း သရက်ချောင်းမြို့နယ်မှာ စစ်တပ် လက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ၁၀ ယောက်လောက်ရှိပြီး ဒဏ်ရာရရှိသူကတော့ ၇ ယောက်ကျော် ရှိပါတယ်။

တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင်ကူညီနေသူတယောက်က “စစ်ဘေးရှောင်ကတော့ ဒီနှစ်ထဲမှာ များလာတယ်။ အထူးသဖြင့် ဒီလထဲမှာ သရက်ချောင်းဘက် များလာတယ်။ တချို့ကျတော့ တောတောင်ထဲ၊ ရွာထဲ ပိတ်မိနေတာရှိတယ်။ တချို့ဆို နှစ်ရှည်ကြာ ရှောင်နေရတာ ရှိတယ်။ အခုတလောက သရက်ချောင်းပေါ့။ တလနီးပါးရှိပြီလေ။ အကူအညီတွေ လိုအပ်နေတယ်” လို့ ပြောပါတယ်။

တနင်္သာရီတိုင်းအခြေစိုက် FE5 Tanintharyi ရဲ့ ထုတ်ပြန်ချက်အရ တိုင်းတခုလုံးမှာ စစ်ဘေးရှောင် ၈၅,၀၀၀ ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲပြင်းထန်နေတဲ့ မြို့နယ်အချို့မှာ စစ်တပ်က ဖုန်းလိုင်း၊ အင်တာနက် ဖြတ်တောက်ထားတဲ့အတွက် စစ်ရှောင်တွေကို အကူအညီပေးဖို့ ခက်ခဲနေသလို ပိတ်မိနေတဲ့ ဒေသခံတွေနဲ့လည်း ဆက်သွယ်ရေးပြတ်တောက်နေကြပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေကလည်း စိုးမိုးနယ်မြေထဲ ထိုးဖောက်ဝင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြောက်ကျားနည်းလမ်းအသုံးပြုပြီး  ချုံခိုကြားဖြတ်တိုက်ခိုက်တာတွေ ရှိနေသလို စစ်တပ်အခြေစိုက်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်တာတွေလည်း ရှိပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့က ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ GTC စခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သလို တချို့မြို့နယ်တွေက ဂိတ်စခန်းတွေကိုလည်း သိမ်းပိုက်ရရှိခဲ့ပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူး အဆင့်ရှိသူ အပါအဝင် ဒါဇင်ချီ သေဆုံးခဲ့သလို တော်လှန်ရေးပူးပေါင်းတပ်က အရာရှိပိုင်းတွေလည်း ထိခိုက်ကျဆုံးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013