
အမေရိကန်နဲ့ အီကွေဒေါ နိုင်ငံတို့ဟာ တောင်အမေရိကဒေသအတွင်း မူးယစ်ဆေးဝါး ကုန်ကူးမှုတွေကို ပစ်မှတ်ထားတဲ့ ပူးပေါင်းစစ်ဆင်ရေးတခုကို မတ် ၆ ရက်က ပြုလုပ်ခဲ့တယ်လို့ ၂ နိုင်ငံ အာဏာပိုင်တွေက ပြောပါတယ်။
ဒီစစ်ဆင်ရေးဟာ အသေအပျောက်ရှိနိုင်တဲ့ ပြင်းထန်တဲ့ စစ်ဆင်ရေးလို့လည်း သုံးနှုန်းဖော်ပြခဲ့ပါတယ်။
အီကွေဒေါဘက်ကတော့ ဒီစစ်ဆင်ရေးကို 'လုံးဝ အမြစ်ပြတ်ချေမှုန်းရေး' လို့ အမည်ပေးထား ပါတယ်။
ဒီစစ်ဆင်ရေးမှာ ရဟတ်ယာဉ်တွေ၊ လေယာဉ်တွေ၊ မြစ်ကြောင်းသုံးစက်လှေတွေနဲ့ ဒရုန်းတွေကို အသုံးပြုပြီးတော့ ကိုလံဘီယာနယ်စပ်အနီး အီကွေဒေါအရှေ့မြောက်ဒေသမှာရှိတဲ့ မူးယစ်ဆေးဝါး ကုန်ကူးအဖွဲ့ရဲ့ လေ့ကျင့်ရေး စခန်းတခုကို ရှာဖွေဖော်ထုတ်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အက်ကွေဒေါ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီစခန်းဟာ FARC ခွဲထွက်အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကိုလံဘီယာရာဇဝတ်ဂိုဏ်း (CDF) ရဲ့ စခန်းဖြစ်ပြီး လူပေါင်း ၅၀ လောက်အထိ လက်ခံထားရှိနိုင်တယ်လို့လည်း ဆိုပါတယ်။
အီကွေဒေါသမ္မတ ဒန်နီရယ်နိုဘိုအာဟာ ရာဇဝတ်ဂိုဏ်းတွေကို စစ်ရေးအရ နှိမ်နင်းတဲ့လုပ်ငန်းကို သူ့အစိုးရရဲ့ အဓိကမူဝါဒတခုအဖြစ် လုပ်ဆောင်နေတာပါ။
ဒါ့အပြင် သူ့အစိုးရဟာ အိမ်နီးချင်း ကိုလံဘီယာနိုင်ငံအပေါ် ကုန်သွယ်ခွန် တိုးမြှင့်ချမှတ်ခဲ့ပြီး ကိုလံဘီယာကို မူးယစ်ဆေးဝါးကုန်ကူးမှုကို တားဆီးတိုက်ဖျက်ရေးမှာ လုံလုံလောက်လောက် မလုပ်ဆောင်ဘူးလို့ စွပ်စွဲထားပါတယ်။
ဒီစစ်ဆင်ရေးဟာ အခုသီတင်းပတ်အစောပိုင်းက အမေရိကန်နဲ့ အီကွေဒေါ ပူးပေါင်း စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း ကြေညာထားပြီးနောက်မှာ ထပ်မံပြုလုပ်တဲ့ စစ်ဆင်ရေး ဖြစ်ပါတယ်။
Source: Reuters










