DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ငလျင်အတွက် ထောက်ပံ့ကြေး ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဖြတ်ယူ
DVB
·
March 7, 2026
မန္တလေးတွင် ငလျင်အတွက် ထောက်ပံ့ကြေး ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဖြတ်ယူ
Donate to DVB

မြတ်သဇင်

မန္တလေးက ငလျင်ဒဏ်သင့် ပြည်သူတွေကို စစ်ကောင်စီရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနက ထောက်ပံ့ကြေးနဲ့ ပစ္စည်းတွေ ပေးနေပေမဲ့ မရတဲ့သူတွေရှိသလို ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဖြတ်ယူတာမျိုးလည်းရှိနေပါတယ်။

တစိတ်တပိုင်းပျက်စီးတဲ့ အိမ်တွေအတွက် လုံးဝပျက်စီးသွားတဲ့ အိမ်တွေအတွက် အိမ်အမျိုးအစားအလိုက် ထောက်ပံ့မဲ့နှုန်းထားတွေခွဲထားပြီး ငွေကျပ်သိန်း ၂၀ ကနေ သိန်း ၅၄၀ ထိ ငွေကြေးထောက်ပံ့တယ်လို့ သိရပါတယ်။

ဒါအပြင် အိမ်အမျိုးအစားအလိုက် ဘိလပ်မြေ၊ သစ်၊ အမိုးသွပ်၊ သံချောင်း စတာတွေကိုလည်း ထောက်ပံ့နေတာလို့ သိရပါတယ်။

ဒါပေမဲ့ ထောက်ပံ့ကြေးရတဲ့သူတွေရှိသလို မရတဲ့သူတွေလည်း ရှိနေတယ်လို့ မန္တလေးမြို့ခံတယောက်က  ပြောပါတယ်။

“ပြိုတဲ့အချိန်မှာ သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးတွေကို စာရင်းပေးသွင်းထားရတယ်လို့ ပြောပါတယ်။ အဲဒီ စာရင်းပေးသွင်းထားတဲ့သူတွေကို ပေးတယ်ပေါ့နော်။ အခုဟာကကျတော့ အကုန်လုံးက စာရင်းပေးသွင်းထားရတယ်ဆိုပေမဲ့ သက်ဆိုင်ရာ ရပ်ကွက်‌ကျေးရွာအလိုက် ပြိုတဲ့အိမ်တွေကို အုပ်ချုပ်ရေးမှူးတွေက မှတ်တမ်းဓာတ်ပုံတွေရိုက်ပြီးတော့ စာရင်းပေးရတာတွေ ရှိပါတယ်။ ဒါပေမဲ့ အကုန်လုံး စာရင်းကတော့ ပေါက်ပါတယ်။ အိမ်ဘယ်နှလုံးပြိုတယ်ဆိုတာ အစိုးရဆီမှာ အကုန်စာရင်းဇယားတွေ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေက ပေးထားတာရှိတဲ့အတွက် ဒီလို ထောက်ပံ့ကြေးတွေပေးတဲ့အချိန်ကျတော့ လူတိုင်းစေ့မရဘူး။ မရတဲ့ဟာတွေ အများကြီးဖြစ်နေတယ် ဒီထဲမှာ။”

ထောက်ပံ့ကြေးရတဲ့သူတွေကလည်း လွယ်လွယ်ကူကူ အဆင်ပြေပြေနဲ့ ရတာမဟုတ်ဘဲ တချို့ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ငလျင်ဒဏ်သင့်ပြီး အိမ်ပျက်စီးကြောင်း ထောက်ခံစာအတွက် ငွေကျပ် ၂ သိန်းကျပ်ဝန်းကျင် တောင်းသလို ရတဲ့ထောက်ပံ့ကြေးကိုလည်း ဖြတ်ယူတာတွေရှိတယ်လို့ ဆိုပါတယ်။

မန္တလေးဒေသခံတယောက်က “ထောက်ပံ့ကြေးပေးတာတို့ ဘာတို့ဆိုရင်လည်း သွားထုတ်ရတဲ့သူတွေဆီက ရပ်ကွက်ရုံးမှာ ပိုက်ဆံဖြတ်ယူတာမျိုးတွေ ရှိတယ်လို့လည်း ကြားနေတယ်။ အစိုးရကနေပြီးတော့ ထောက်ပံ့တာတို့ ဘာတို့ဆိုရင် ရပ်ကွက်ရုံးကနေပြီးတော့ ဆယ်သိန်းတောင်းတာတို့၊ ဆယ့်ငါးသိန်းတောင်းတာတို့ ပစ္စည်းရတဲ့သူဆီက အဲဒီလိုမျိုးတွေ ရှိနေတယ်လို့လည်း ကြားနေတယ်ပေါ့” လို့ ပြောပါတယ်။

ထောက်ပံ့ပေးတဲ့စာရင်းအရ လုံးဝပျက်စီးသွားတဲ့ ဝါးထရံကာ အိမ်အတွက် သိန်း ၂၀၊ တထပ် ပျဉ်ထောင်အိမ်အတွက် သိန်း ၁၀၀၊ နှစ်ထပ် ပျဉ်ထောင်အိမ်အတွက် သိန်း ၁၈၀၊ တိုက်ခံအိမ် သိန်း ၁၄၀၊ တထပ်တိုက်က သိန်း ၂၀၀၊ နှစ်ထပ်တိုက် သိန်း ၃၆၀ နဲ့ သုံးထပ်တိုက်က သိန်း ၅၄၀ လို့ ဖော်ပြထားတာတွေ့ရပါတယ်။

ပြီးတော့ ဘိလပ်မြေ၊ သွပ်နဲ့ သံ အပါအဝင် အိမ်ဆောက်ပစ္စည်းတွေကိုလည်း သီးသန့်ထပ်ထောက်ပံ့ပေးပေမဲ့ ဒီ ငွေကြေးနဲ့ ထောက်ပံ့ပစ္စည်းတွေဟာ ခေတ်ကာလကုန်ဈေးနှုန်း ကြီးမြင့်တာ၊ ပစ္စည်းရှားပါးတာတွေကြောင့် ဆုံးရှုံးမှုတန်ဖိုးနဲ့ ညီမျှတာတော့မဟုတ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “နိုင်ငံတော်က ဒါတွေကို ပြန်စစ်ဆေးဖို့လိုတာပေါ့နော်။ အိမ်တွေပြိုသွားပါရက်နဲ့ အိမ်တလုံးလုံးကြီး ပြိုသွားရက်နဲ့ ဘာထောက်ပံ့ကြေးမှ မရတာက အခုလို ထောက်ပံ့ကြေးတွေ များများစားစားပေးတဲ့ အချိန်မှာမရတာက အိမ်ရှင်တွေအတွက် အဆင်မပြေဘူးပေါ့နော် နစ်နာလွန်းတာပေါ့” လို့ ပြောပါတယ်။

မတ် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီး‌ကြောင့် လူဦးရေ ၁၇ ဒသမ ၂ သန်းလောက်ဟာ ငလျင်ရဲ့ သက်ရောက်မှုကို ခံစားခဲ့ကြရပြီး ငလျင်ဗဟိုချက်ဖြစ်တဲ့ မန္တလေး၊ စစ်ကိုင်းနဲ့ နေပြည်တော်တဝိုက်က အိမ်ထောင်စု ၆၀ ရာခိုင်နှုန်းလောက်ဟာ ဆင်းရဲမွဲတေမှု၊ ဝင်ငွေမဲ့မှုနဲ့ အလုပ်လက်မဲ့ ဒဏ်တွေကို ပြင်းပြင်းထန်ထန် ခံစားနေရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ရဲ့ ၂၀၂၅ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013