DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းကလေးငယ်များအတွက် ပညာရေးစရိတ် ထောက်ပံ့ရန် စီစဉ်နေ
DVB
·
November 11, 2026
Photo: MPHA
Photo: MPHA
Donate to DVB

၂၀၂၆–၂၀၂၇ ပညာသင်နှစ်မှာ မသန်စွမ်းကလေးငယ်တွေ ပညာသင်ယူခွင့် မဆုံးရှုံးစေဖို့နဲ့ ပညာရေးခရီးလမ်းမှာ အခက်အခဲကင်းကင်း ဆက်လျှောက်နိုင်ဖို့အတွက် ပညာရေးစရိတ်တွေကို ထောက်ပံ့ပေးသွားဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းက ထုတ်ပြန်ပါတယ်။

ပညာရေးဆိုတာ ကလေးတိုင်းရဲ့ အနာဂတ်အတွက် အလင်းရောင်တစင်းပါပဲ။ ဒါပေမဲ့ မသန်စွမ်းကလေးငယ်တွေအတွက်တော့ ဒီအလင်းရောင်ဆီ ရောက်ဖို့ လမ်းခရီးက ပိုပြီး အခက်အခဲတွေ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မသန်စွမ်းကလေးတယောက်အတွက် ပညာသင်ယူခွင့်ဆိုတာ စာသင်ခန်းထဲမှာ စာကျက်နေရုံသက်သက်မဟုတ်ပါဘူး။ ကိုယ်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်အ၀ ရှိလာဖို့၊ မိမိရဲ့ ကိုယ်ပိုင် အရည်အချင်းတွေကို ဖော်ထုတ်နိုင်ဖို့၊ လူ့အသိုက်အဝန်းထဲမှာ တန်းတူညီမျှ ပါဝင်လာနိုင်ဖို့နဲ့ အနာဂတ်မှာ မိမိဘဝ၊ မိသားစုအပြင် လူ့အဖွဲ့အစည်းပါ အကျိုးပြုနိုင်မဲ့ လူငယ်ကောင်းတွေ ဖြစ်လာဖို့အတွက် အခြေခံအုတ်မြစ် အခိုင်အမာတခုပါလို့ MPHA က ဆိုပါတယ်။

ကလေးတိုင်း ပညာသင်ယူခွင့်ရှိသလို မသန်စွမ်းမှုဟာ ပညာရေးအိပ်မက်တွေကို ကန့်သတ်ထားတဲ့ အတားအဆီးတခု မဖြစ်စေရဘူးဆိုတဲ့အတိုင်း မသန်စွမ်းကလေးငယ်များ ပညာသင်ယူနိုင်ဖို့ ပညာရေးထောက်ပံ့အလှူငွေတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

မသန်စွမ်းကလေးငယ်တွေ အဆင်ပြေစွာ ပညာသင်ယူနိုင်ဖို့ စာသင်ကျောင်းတွေမှာ ဖြစ်နေတဲ့အတားအဆီးတွေကို ပြင်ဆင်ပေးဖို့ လိုတယ်လို့ ဘွဲ့ရ မသန်စွမ်းအမျိုးသမီးတယောက်က ထောက်ပြပါတယ်။

မသန်စွမ်းအမျိုးသမီး တယောက်က “မြန်မာပြည်မှာ မသန်စွမ်း ၄ မျိုး အသိအမှတ်ပြုထားတယ်ဆိုတော့ ကလေးတွေ ပညာသင်ယူရာမှာ လိုအပ်ချက်တွေက မတူကြပါဘူး။ ကျမလို Physical တွေရဲ့ ရုပ်ပိုင်းဆိုင်ရာအရဆိုရင် ကျောင်းအဆောက်အအုံက အစိကကျနေပါတယ်။ ကျောင်းအတွင်းဘီးတပ်ကုလားထိုင်ကော၊ ချိုင်းထောက်နဲ့ကော အဆင်ပြေစွာ သွားလာနိုင်တဲ့အနေအထားဖြစ်ဖို့ လိုတယ်။ စာသင်ခန်းမှာလည်း ကျမတို့လို ကလေးတွေ ပညာသင်ယူနိုင်ဖို့ ခုံအနေအထား မှန်ကန်ဖို့လည်း လိုပါတယ်။ စာသင်ခန်းက လှေကားအများကြီးပါတဲ့ အပေါ်ထပ်မှာဆို မသန်စွမ်းကလေးငယ်တွေ စိတ်ချမ်းသာစွာ ပညာသင်ယူနိုင်မလဲပေါ့နော်”လို့ ပြောပါတယ်။

အိမ်သာနဲ့ ပတ်သက်လို့ မသန်စွမ်းကလေးငယ်တွေအတွက် အဆင်မပြေမှုတွေ အများကြီး ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“အိမ်သာကတော့ အဆိုးဆုံးပြဿနာတခုလို့ ပြောပါရစေ။ မသန်စွမ်းသူတွေအတွက် အဆင်ပြေနိုင်မဲ့အိမ်သာက ကျောင်းတိုင်းမှာ မရှိပါဘူး။ သန်စွမ်းသူတွေအတွက် အိမ်သာဘဲ ဖြစ်နေတော့ ကျမတို့ တက်ဖို့က ပြောမပြနိုင်အောင် ပင်ပန်းပါတယ်ရှင့်”လို့ ထောက်ပြပါတယ်။

မသန်စွမ်းကလေးငယ်တွေ ပညာသင်ယူဖို့ ထောက်ပံ့တာကို အားပေးသလို ထူးချွန်မသန်စွမ်းကလေးငယ်တွေကိုလည်း နိုင်ငံခြားကို ပညာတော်သင်စေလွှတ်ဖို့ ထောက်ပံ့တာလည်း လိုအပ်တယ်လို့ ရန်ကုန်မသန်စွမ်းသူတွေက ဆိုပါတယ်။

ကုလသမဂ္ဂနဲ့ မသန်စွမ်းအဖွဲ့အစည်းများရဲ့ စေတနာ့ဝန်ထမ်းစာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ ကျောင်းနေအရွယ် မသန်စွမ်းကလေးငယ်တွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာ ပုံမှန်ပညာရေးစနစ် (Formal Education System) အတွင်းသို့ ဝင်ရောက်ခွင့်မရဘဲ ကျောင်းပြင်ပ ရောက်ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (MPHA) ကို ၂၀၀၄ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ကိုယ်အင်္ဂါ မသန်စွမ်းသူများ အခွင့်အရေး၊ ပညာရေး၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူ့အဖွဲ့အစည်းအတွင်း တန်းတူညီမျှ ပါဝင်နိုင်ရေးတို့အတွက် တက်ကြွစွာ ဆောင်ရွက်နေတဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတခု ဖြစ်ပါတယ်။

Source: MPHA

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013