ပါကစ္စတန်နိုင်ငံရဲ့ အကြီးဆုံးမြို့ ကရာချိမှာ စက်တင်ဘာ ၁၆ ရက် သန်းခေါင်ယံအချိန်ကစပြီး အသက်ဝင်ခဲ့တဲ့ အစိုးရရဲ့ လောင်စာဆီ ထောက်ပံ့ကြေး အစီအစဉ်အတွက် ဆိုင်ကယ်ကို မှတ်ပုံတင်ဖို့ ရက်ပေါင်းများစွာကြာအောင် ကြိုးပမ်းခဲ့ရတယ်လို့ ပြည်သူတယောက်က ပြောပါတယ်။
ဆိုင်ကယ်နဲ့ မှတ်ပုံတင်ကတ် နံပါတ်တို့ကို သုံးပြီး စာရင်းသွင်းဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။
“စည်းကမ်းသတ်မှတ်ချက်တွေက ဒီလောက် ခက်ခဲနေရင် စာမတတ်တဲ့ လူတယောက်အနေနဲ့ ဘယ်လိုဆက်ပြီး အသက်ရှင်ရပ်တည်နိုင်မှာလဲ” လို့ သူက ဓာတ်ဆီဆိုင်အပြင်ဘက်မှာ ပြောပါတယ်။
အမေရိကန်၊ အစ္စရေးနဲ့ အီရန်တို့အကြား စစ်ရေးပဋိပက္ခက ဟော်မုဇ်ရေလက်ကြားကတဆင့် ကမ္ဘာလုံးဆိုင်ရာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုန်သွယ်မှုကို လပေါင်းများစွာကြာအောင် ထိခိုက်စေခဲ့တာပါ။
ဒါကြောင့် အာရှဒေသတွင်း သဘာဝဓာတ်ငွေ့ ဈေးနှုန်းတွေဟာ စစ်ပွဲမဖြစ်ပွားမီက ဗြိတိသျှ အပူယူနစ် တသန်း BTU ကို ၁၀ ဒေါ်လာဝန်းကျင် ရှိခဲ့ရာက ခုအပတ်မှာ ဒေါ်လာ ၃၀ ဝန်းကျင်အထိ မြင့်တက်လာခဲ့ပါတယ်။
ဒါဟာ အခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ဈေးနှုန်းအဆမတန် မြင့်တက်လာတာလည်း ဖြစ်ပါတယ်။
ပါကစ္စတန်နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား ကွန်ရက်စနစ် (grid) ဟာ ဖိအားတွေကို ရင်ဆိုင်နေရပြီး ဧပြီလအတွင်းက လုပ်ငန်းတွေ စောစောပိတ်သိမ်းခဲ့ရတဲ့ အခြေအနေမျိုး ထပ်မဖြစ်ဖို့ တာဝန်ရှိသူတွေက ကြိုးပမ်းနေပါတယ်။
“ဒီဖန်တီးထားတဲ့ လုပ်ငန်းစဉ် ယန္တရားကို ကျနော်တို့ နားမလည်ပါဘူး။ တိုင်ပင်ဆွေးနွေးမှုလည်း မရှိခဲ့သလို ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ ဖိတ်ကြားခံရတာမျိုးလည်း မရှိခဲ့ပါဘူး။ ရေနံဈေးကွက် ဖြန့်ဖြူးရေး ကုမ္ပဏီတွေကိုလည်း ထည့်သွင်းစဉ်းစားထားခြင်း မရှိပါဘူး” လို့ ကရာချိမြို့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တဲ့ ပါကစ္စတန် ရေနံအရောင်းကိုယ်စားလှယ်များအသင်းရဲ့ ဒုတိယဥက္ကဋ္ဌ တာရစ်ခ် ဟက်ဆန်က ပြောပါတယ်။
Independent System Market Operator (ISMO) ရဲ့ အချက်အလက်တွေအရ ပါကစ္စတန်နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားကဏ္ဍအတွက် ဆောင်းရာသီကာလအတွင်း တရက်ကို သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၄၀၀ အထိ လိုမှာဖြစ်ပေမဲ့ စက်တင်ဘာလအတွက် ဓာတ်ငွေ့ရည် တင်ဆောင်လာတဲ့ သင်္ဘော ၂ စင်းသာ လာဖို့ အတည်ပြုထားပါတယ်။
ဝန်ကြီးချုပ်ရဲ့ လောင်စာဆီဆိုင်ရာ သက်သာခွင့် အစီအစဉ်ဟာ ဓာတ်ဆီဈေးနှုန်း တလီတာကို ၁ ဒသမ ၃၇ ဒေါ်လာနဲ့ ဒီဇယ်ဈေးနှုန်း ၁ ဒသမ ၄၈ ဒေါ်လာအထိ မြင့်တက်လာချိန်မှာ ထွက်ပေါ်လာတာပါ။
အနိမ့်ဆုံးလုပ်ခ လစာ တလကို ၁၄၅ ဒေါ်လာ ဝန်းကျင်သာရှိတဲ့ နိုင်ငံတနိုင်ငံအတွက် ဒီဈေးနှုန်းတွေက ဝန်ထုပ်ဝန်ပိုး ကြီးနေပါတယ်။
Source: Reuters











