DVB Logo
Home
မြန်မာသတင်း
အမေရိကန်က အထူးသံတမန်ခန့်အပ်မှု မြန်မာ့အရေးအပေါ် ဘယ်လို သက်ရောက်မှုရှိနိုင်မလဲ 
DVB
·
March 7, 2026
အမေရိကန်က အထူးသံတမန်ခန့်အပ်မှု မြန်မာ့အရေးအပေါ် ဘယ်လို သက်ရောက်မှုရှိနိုင်မလဲ 
Donate to DVB

မြောက်ကိုရီးယားနဲ့ အရှေ့အာရှဒေသဆိုင်ရာ လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူ ကီဗင်ကင်(မ်)ကို အာဆီယံ အထူးသံတမန်အဖြစ်ခန့်အပ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အဆိုပြုတင်သွင်း လိုက်ပါတယ်။

ကီဗင်ကင်(မ်)ကို အာဆီယံအထူးသံတမန်အဖြစ်ခန့်အပ်ဖို့ ဒေသစံတော်ချိန် မတ် ၃ ရက်မှာ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ပ်က အဆိုပြုတင်သွင်းကြောင်းကြေညာခဲ့တာပါ။

တောင်ကိုရီးယားနွယ်ဖွား ကီဗင်ကင်(မ်)ဟာ တောင်ကိုးရီးယားဆိုင်ရာ အမေရိကန်ယာယီသံ အမတ်ကြီးအဖြစ် ၂၀၂၅-၂၀၂၆ ခုနှစ်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး အရင်က နိုင်ငံခြားရေး ဝန်ကြီးဌာန မှာ ဂျပန်၊ ကိုရီးယားနဲ့ မွန်ဂိုးလီးယားဆိုင်ရာ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

အာဆီယံအထူးသံတမန်နေရာကို ကင်(မ်) တာဝန်ယူရင် ဒေသတွင်းမှာ ပဋိပက္ခအရှိန်မြင့်နေတဲ့ မြန်မာ့အရေးကိုလည်း ထိတွေ့လာဖို့ရှိနေပြီး အမေရိကန်အစိုးရရဲ့ မူဝါဒနဲ့ မြန်မာနိုင်ငံအတွက် ဖြစ်လာနိုင်စရာရှိတဲ့ အကောင်းအဆိုးအခြေအနေတွေကို ဘယ်လိုကိုင်တွယ်မယ်ဆိုတာ စောင့်ကြည့် သွားရမှာ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “သူ့ရဲ့ Background က လုံခြုံရေး နဲ့ဆိုင်တဲ့ကိစ္စရပ်တွေဖြစ်တယ်။ High State Level စေ့စပ်ညှိနှိုင်းရတဲ့ ဟာတွေမှာလည်း သူက အတွေ့အကြုံတွေအများကြီးရှိတယ်။ အမေရိကန်နဲ့ မြောက်ကိုရီးယားနဲ့ကြားမှာ နျူကလီးယား ကိစ္စတွေစသဖြင့်ပေါ့ စေ့စပ်ညှိနှိုင်းရတဲ့ဟာတွေမှာလည်း သူက အတွေ့အကြုံရှိတယ်။ နောက်တခါ တောင်ကိုရီးယားမှာလည်းပဲ US သံတမန်အနေနဲ့ ယာယီတာဝန်ထမ်းဆောင်ခဲ့တဲ့ သံတမန် အတွေ့အကြုံတွေလည်းအများကြီးရှိဆိုတော့ သူ့ကို ဒီလိုမျိုးခန့်ဖို့အတွက်လုပ်ခြင်းက ဒေသတွင်း တည်ငြိမ်ရေးပေါ့နော်၊ ပထဝီနိုင်ငံရေးအရ လိုအပ်လာတဲ့အတွက်ကြောင့် အဓိက လုပ်တယ်လို့ ကျမ အနေနဲ့ ယူဆပါတယ်။ ဒီမိုကရေစီနိုင်ငံတွေဖြစ်လာဖို့တို့ ဘာတို့ ဒါမျိုးတွေ ထက်စာလို့ရှိရင် တရုတ် တို့ မြောက်ကိုရီးယားတို့ စသဖြင့်ပေါ့ ဒါတွေကို တန်ပြန်ဖို့တွေ လိုအပ်မယ်။ အာဆီယံနဲ့ ပတ်သက်ပြီးတော့လည်း တည်ငြိမ်မှုတွေရှိအောင် စသဖြင့်ပေါ့နော်၊ သူတို့ရဲ့အဓိက ရည်ရွယ်ချက် ဖြစ်တဲ့ စီးပွားရေးရယ် တည်ငြိမ်ရေးရယ်ပေါ့နော်၊ ဒါတွေအတွက် သူ့ကို ဒီလိုခန့်အပ်တယ်လို့ ကျမ မြင်ပါတယ်”လို့ ပြောပါတယ်။

၂၀၂၅ ဇန်နဝါရီလ၊ သမ္မတထရမ့်ပ်ရဲ့ ရာထူးသက်တမ်းစတင်ပြီးနောက် ကင်မ်ဟာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဗျူရိုမှာ ဒုတိယလက်ထောက်အတွင်းရေးမှူးနဲ့ အကြီးတန်းညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

အခု သမ္မတထရမ့်ပ်ရဲ့ အာဆီယံအထူးသံတမန်အဖြစ် ကင်(မ်)ကို အဆိုပြုထားချက်ကို အထက်လွှတ်တော်က အတည်ပြုခဲ့ရင် ကင်(မ်) ဟာ အမေရိကန်ကိုကိုယ်စားပြုပြီး အာဆီယံနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်လာမှာဖြစ်ပါတယ်။

အာဆီယံဆိုင်ရာ အမေရိကန်အထူးသံတမန်ရာထူးနေရာဟာ ကာလအတန်ကြာ လစ်လပ်နေခဲ့တာဖြစ်ပြီး အာဆီယံဒေသတွင်းပြဿနာတွေနဲ့ ပြင်ပဖိအားတွေကို လက်တွေ့ကျကျ ချဉ်းကပ်နိုင်ဖို့ သမ္မတထရမ့်ပ်က အထူးသံတမန်ခန့်အပ်ဖို့ အဆိုပြုလာတာဖြစ်ပါတယ်။

ဝါရှင်တန်အခြေစိုက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးရင်အေးက “ကျနော်တို့အနေနဲ့ စိတ်ပူတာရှိတယ်။ Special Envoy (အထူးသံတမန်တွေ) ရဲ့ သမိုင်းကြောင်းပြန်ကြည့်မယ်ဆိုရင်၊ မြန်မာပြည်အရေးဆိုလည်း မြန်မာပြည်အရေး၊ အာဆီယံအရေးဆိုလည်းအာဆီယံအရေးပေ့ါနော်၊ Special Envoy ခန့်ပြီဆိုရင် ဒီတယောက်တည်းကနေပြီး သေချာအာရုံစိုက်ပြီး ဆောင်ရွက်ရတာဖြစ်တဲ့အတွက်ကြောင့် တဖက်ကရန်သူ စစ်ကောင်စီက ဒီပုဂ္ဂိုလ်တယောက်တည်း ကို ချဉ်းကပ်လို့ရတယ်ပေါ့နော်၊ ဘာလို့လဲဆို ဒီပုဂ္ဂိုလ်ကလည်းသူတို့ကို ထိတွေ့ဆက်ဆံပြီးတော့ ဘယ်လိုအရေးယူလို့ရတယ်၊ ဘယ်လိုဒဏ်ခတ်လို့ရတယ်ဆိုတာမျိုးတွေ ပြောမှာဖြစ်တဲ့ အတွက်ကြောင့် ဒီပုဂ္ဂိုလ်ကို စစ်ကောင်စီကချဉ်းကပ်ပြီးတော့မှ ကိုယ့်ဘက်ပါလာအောင် စစ်အုပ်စုကအမြဲတမ်းလုပ်ခဲ့တယ်၊ သမိုင်းကြောင်းရှိခဲ့တာပေါ့နော် UN Special Envoy တွေ၊ ခေတ်အဆက်ဆက် Envoy တွေတယောက်ပြီးတယောက်ရှိခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီတယောက်ကိုပဲ စစ်ကောင်စီက လွယ်လွယ်ကူကူချဉ်းကပ်နိုင်ခဲ့တယ်ဆိုတဲ့ အနေအထားမျိုးတွေရှိခဲ့တယ်။ သူတို့က အဲ့ဒီလိုချဉ်းကပ်တာမျိုးတွေလည်း တော်တယ်ပေါ့ဗျာ။ လာဘ်ပေးလာဘ်ယူတော်တယ်ပေါ့ ပြောရမယ်ဆိုလို့ရှိရင်၊ အဲ့ဒီလိုမျိုးရှိခဲ့တယ်ဆိုတော့ ဒါ အန္တရာယ်ရှိတယ်ဆိုပြီး ကျနော်တို့က စိတ်ပူတယ်”လို့ ပြောပါတယ်။

သမ္မတဂျိုးဘိုင်ဒန်လက်ထက်မှာ မြန်မာ့အရေးကိုစနစ်တကျထိတွေ့နိုင်ဖို့ Burma Act ကို လက်မှတ်ထိုး အတည်ပြုခဲ့ပြီး Brave Burma Act ၊ Burma GAP Act နဲ့ No New Burma Funds Act ဥပဒေကြမ်းတွေကို အတည်ပြုပြဋ္ဌာန်းနိုင်ဖို့ လွှတ်တော်အသီးသီးမှာ ဆွေးနွေးနေပါတယ်။ 

နောက်ထပ်အတည်ပြုလာမဲ့ ဥပဒေကြမ်း ၃ ခုကနေ မြန်မာ့အရေးအထူးသံတမန်တယောက် ထွက်ပေါ်လာဖို့လည်း ရှိနေတာပါ။

ဒီလိုအထူးသံတမန်ခန့်အပ်တာတွေဟာ မြန်မာပြည်သူတွေအတွက်အကျိုးရှိနိုင်သလို စစ်အာဏာရှင်ဘက်ကို လိုက်သွားတာမျိုးလည်း ဖြစ်လာနိုင်တာကြောင့် သံတမန်တွေရဲ့ လုပ်ရပ်တွေကို စောင့်ကြည့်ထိန်းညှိနိုင်နဲ့ နည်းလမ်းတွေကို ဥပဒေကြမ်းတွေမှာ တပါတည်း ထည့်သွင်းနိုင်ဖို့ မြန်မာ့အရေးဆောင်ရွက်သူတွေက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကို အကြံပြုတိုက်တွန်းတာတွေဆက်တိုက်ပြုလုပ်နေပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013