
ထိုင်းလူငယ်တွေကြား မူးယစ်ဆေးဝါးသုံးစွဲမှု ပြဿနာဟာ ဆိုးရွားလာနေပြီး အကျပ်အတည်းအဆင့်ဆီ ရောက်ရှိလာနေတဲ့အကြောင်း ထိုင်းကျန်းမာရေး မြှင့်တင်ရေး ဖောင်ဒေးရှင်း(ThaiHealth)ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Bangkok Post သတင်းမှာ မတ် ၅ ရက်က ဖော်ပြပါတယ်။
ThaiHealth ညွှန်ကြားရေးမှူးတယောက်ဖြစ်တဲ့ ရုန်ဂါရွန်လိမ်လာဟဖန်က အများပြည်သူ ကျန်းမာရေးအရင်း အမြစ်တွေ မလုံလောက်မှုကြောင့် စိုးရိမ်စရာဖြစ်နေချိန် ဒီအကျပ်အတည်းကို အရေးတကြီး ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေတယ်လို့ ပြောလိုက်တာပါ။
လူငယ်စောင့်ကြည့်ရေးနဲ့ ကာကွယ်ရေးဌာန အချက်အလက်တွေအရ ၂၀၂၄ ခုနှစ်အတွင်း ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုခံခဲ့ရတဲ့ လူငယ် ၁၃,၆၃၁ ယောက်ထဲက ၈,၉၇၁ ယောက်မှာ မူးယစ်ဆေးဝါးသုံးစွဲခဲ့ဖူးတဲ့ မှတ်တမ်းရှိသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ထဲက အများစုမှာ အလယ်တန်းကျောင်းသားတွေဖြစ်ကြပြီး မူလတန်း၊ အသက်မွေးဝမ်းကျောင်းနဲ့ အထက်တန်းကျောင်းသားတွေက အစဉ်လိုက်ပါဝင်နေကြောင်း မစ္စရုန်ဂါရွန်က ပြောပါတယ်။
မူးယစ်ဆေးဝါးတွေဟာ ပညာရေးစနစ်ရဲ့ အောက်ခြေအဆင့် ငယ်ရွယ်တဲ့ ကျောင်းသားတွေအထိ ခြိမ်းခြောက်မှုဖြစ်လာနေတာဟာ အဓိက စိုးရိမ်စရာဖြစ်ပြီး အသက် ၁၁ နှစ်အရွယ် ကလေးငယ်တွေအထိ မူးယစ်ဆေးဝါး သုံးစွဲနေတာကို တွေ့ရှိရတယ်လို့လည်း ဆိုပါတယ်။
ThaiHealth နဲ့ Rocket Media Lab အဖွဲ့တို့က လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲမှု အမူအကျင့်တွေနဲ့ အန္တရာယ်ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ပူးပေါင်းလေ့လာခဲ့တဲ့ တွေ့ရှိချက်တွေထဲမှာတော့ ဥပဒေဖြေလျှော့မှု သက်ရောက်မှု၊ အွန်လိုင်းမှ တဆင့် ရောင်းချမှု၊ ကုသမှုစွမ်းအား အကျပ်အတည်းစတဲ့ အပိုင်းတွေ ပါဝင်နေ တာကို တွေ့ရပါတယ်။
ထိုင်းလူငယ်တွေကြား စိတ်ကြွဆေးပြားက အသုံးအများဆုံး ဖြစ်နေဆဲဆိုပေမဲ့ ဆေးခြောက်နဲ့ ဘိန်းစာရွက်တို့ကို ပြစ်မှုမြောက်ခြင်းက ပယ်ဖျက်လိုက်ပြီးတဲ့ နောက်ပိုင်း သုံးစွဲမှုမှာ အလွန်အမင်း မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲဖူးတဲ့ လူငယ် ၈,၉၇၁ ယောက်ထဲက ၃,၂၄၀ ယောက်မှာ ဆေးခြောက်နဲ့ ၁,၅၇၉ ယောက်မှာ ဘိန်းစာရွက်တို့ကို သုံးစွဲခဲ့ကြတဲ့အပြင် လူငယ်တချို့ကတော့ ပိုမိုမူးယစ်စေဖို့ အယူအဆမှားတွေနဲ့ ဓာတုပစ္စည်းတွေ ရောနှောသုံးစွဲမှုတွေလည်း ရှိလာတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နောက်တချက်အနေနဲ့ အွန်လိုင်းစျေးကွက်တွေက အဓိက ဖြန့်ချိရာနေရာတွေဖြစ်လာပြီး အထူးသဖြင့် တွစ်တာ X လူမှုကွန်ရက်စာမျက်နှာတွေပေါ် မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ပို့စ်တင်မှု ၆၈ ရာခိုင်နှုန်း ရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီမှာတော့ စောင့်ကြည့်စစ်ဆေးမှုတွေကနေ လွတ်မြောက်ဖို့အတွက် မူးယစ်ဆေး ဝါးအမည်တွေကို အီမိုဂျီတွေနဲ့ အစားထိုး အသုံးပြုနေကြတာကို တွေ့ရသလို လူငယ်တွေ စုဝေးသုံးစွဲတဲ့ နေရာတွေဟာလည်း လူမြင်ကွင်းကနေ လွတ်ကင်းစေဖို့ အခန်းတွေ၊ ရေကူးကန်ပါတဲ့ အိမ်တွေ၊ အပန်းဖြေစခန်းတွေဆ ရွေ့လျားသွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
၂၀၂၅ ခုနှစ်အတွင်းမှာတော့ ကုသမှုခံယူဖို့ လိုအပ်သူ အရေအတွက်မှာ ၂၆၀,၀၀၀ နီးပါး ရှိမယ်လို့ ခန့်မှန်းထားပြီး အဆိုပါအရေအတွက်မှာ ထိုင်းပြည်သူ့ကျန်းမာရေးစနစ်ရဲ့ လက်ခံနိုင်တဲ့ စွမ်းအားထက် အဆပေါင်းများစွာ ပိုမိုများ ပြားနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
Rocket Media Lab အဖွဲ့ရဲ့ မန်နေဂျင်းအယ်ဒီတာ ဆာတိချိုင်းအာပေါ်န်ဆီရီရဲ့ အဆိုအရ ထိုင်းနိုင်ငံမှာ စွဲလမ်းမှုဆိုင်ရာ စိတ်ရောဂါအထူးကု ဆရာဝန်လိုအပ်ချက်မှာ ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်နေသလို လူငယ်တွေကို ကျန်းမာတဲ့လူ့အဖွဲ့အစည်းဆီ ပြန်လည်ခေါ်ဆောင်နိုင်ဖို့ဆိုတာ ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
Source: Bangkok Post











