DVB Logo
Home
မြန်မာသတင်း
IMEI နံပါတ် မှတ်ပုံတင်ခိုင်းမှု စစ်တပ်၏ နောက်ထပ်စောင့်ကြည့်ရေး ယန္တရား ဖြစ်နိုင်
DVB
·
March 6, 2026
IMEI နံပါတ် မှတ်ပုံတင်ခိုင်းမှု စစ်တပ်၏ နောက်ထပ်စောင့်ကြည့်ရေး ယန္တရား ဖြစ်နိုင်
Donate to DVB

ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) ထဲကို IMEI နံပါတ်တွေ ဖြည့်ပြီး မှတ်ပုံတင်ခိုင်းတာဟာ လူထုအနေနဲ့ ပိုသတိထားဖို့လိုမဲ့ စစ်ကောင်စီရဲ့ နောက်ထပ် ခြေရာခံ စောင့်ကြည့်ရေး ယန္တရားတခုဖြစ်ကြောင်း ကျွမ်းကျင်သူတွေက ထောက်ပြ ပြောဆိုနေကြပါတယ်။

ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register - CEIR) ထဲကို ဆက်သွယ်ရေးစက်ပစ္စည်းတွေရဲ့ မူရင်းအမှတ်အသား IMEI နံပါတ်တွေဖြည့်ပြီး မှတ်ပုံတင်ခိုင်းတာဟာ လူထုအနေနဲ့ ပိုပြီးသတိထားဖို့လိုမဲ့ စစ်ကောင်စီရဲ့ နောက်ထပ် ခြေရာခံ စောင့်ကြည့်ရေး ယန္တရားတခုဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်လောက်ကတည်းက IMEI နဲ့ဆိုင်တဲ့ စောင့်ကြည့်ရေးစနစ်တွေကို တိုးမြှင့်လုပ်ဆောင်နေခဲ့တာဖြစ်ပြီး ဒီကြားထဲမှာလည်း ဆင်းမ်ကတ်ကနေ ခြေရာခံစောင့်ကြည့်နိုင်ဖို့ မိုဘိုင်းဆင်းမ်ကတ်တွေကို မဖြစ်မနေ မှတ်ပုံတင်ခိုင်းခဲ့ပါသေးတယ်။

အခုထုတ်ပြန်လာတဲ့ ကြေညာချက်ဟာ လူထုအတွက် ထိခိုက်မှုတွေနဲ့ လုံခြုံရေးဆိုင်ရာ သတိထားရမဲ့ အကြောင်းတွေ ပိုရှိလာကြောင်း ကမ္ဘာတဝန်း ဒစ်ဂျစ်တယ်နဲ့ လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်တိုးမြှင့်ရေးဖွဲ့ Access Now ရဲ့ အာရှပစိဖိတ် မူဝါဒလေ့လာသုံးသပ်သူ မဝေဖြိုးမြင့်က DVB ကို ပြောပါတယ်။

“IMEI numbers တွေကို ထည့်မယ်၊ ပြီးရင် သူတို့စောင့်ကြည့်ချင်တာတွေကို စောင့်ကြည့်မယ်၊ ဒါမျိုးတွေ လုပ်နိုင်ဖို့ကို သူတို့တည်ဆောက်ထားတဲ့ စနစ်လို့ ကျမတို့ အကြမ်းဖျင်း ပြောလို့ရပါတယ်။ ဒီကြေညာချက် ထုတ်ပြန်ခြင်းအားဖြင့် ဒီပြည်တွင်းမှာ ရှိနေတဲ့  ဖုန်းတိုင်းရဲ့ IMEI numbers ကို သူတို့ရဲ့စနစ်ထဲမှာ ထည့်သွင်းဖို့ဆိုတာ ဖြစ်လာတယ်။ သူတို့ စောင့်ကြည့်ချင်တဲ့ နံပါတ်၊ သူတို့စောင့်ကြည့်ချင်တဲ့ဖုန်းက အထူးသဖြင့် ဘယ်နားရောက်နေပြီလဲဆိုတဲ့ ဖုန်းရဲ့ လိုကေးရှင်းကိုပါ ခြေရာခံနိုင်တဲ့ အနေအထား ဖြစ်မယ်။ လူထုရဲ့ ဆက်သွယ်ရေးနည်းလမ်းတွေပေါ့၊ ရှိရမဲ့ဖုန်းတွေ ဘာတွေ အခြေခံပစ္စည်းတွေက ပြတ်တောက်သွားတာ၊ လုံးဝကို ပိတ်သိမ်းခံလိုက်ရတာမျိုးတွေ အများကြီး ဖြစ်လာနိုင်တဲ့ အနေအထားဖြစ်တယ်။ အခုဆိုရင် နယ်ဒေသတွေမှာ တော်တော်များများက အင်တာနက်မရတဲ့ အနေအထားဖြစ်တယ်။ ပြီးတော့ စစ်ပြေးနေရတဲ့ နေရာမျိုးတွေ အများကြီးဖြစ်တော့ လူထုအနေနဲ့ သူတို့ရဲ့ဖုန်းက IMEI နံပါတ်ကို လွယ်လွယ်မှတ်ပုံတင်တဲ့ကိစ္စက အင်တာနက်က လက်ရှိမှာကို ရှိမနေတဲ့ကိစ္စမျိုးတွေ ဖြစ်နိုင်တဲ့အခါကျတော့ သူတို့ရဲ့ ဟန်းဆက်က နောက်ထပ် သုံးလို့မရအောင်ကို ပိတ်ခံရတဲ့အထိ ဖြစ်သွားနိုင်တယ်။”

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ အင်တာနက်ဝက်ဘ်ဆိုက် https://www.ceir.gov.mm မှာ IMEI နံပါတ် ထည့်သွင်းကာ စစ်ဆေးကြည့်ရှုနိုင်မှာဖြစ်ပြီး ကျသင့်ငွေနဲ့ အခွန်လည်း ပေးဆောင်နိုင်မှာဖြစ်ကာ နယ်စပ်ဒေသနဲ့ အင်တာနက် မရရှိနိုင်တဲ့ ဒေသတွေမှာ ပြည်တွင်းအခွန်ရုံးနဲ့ အကောက်ခွန်ရုံးတွေမှာ ကျသင့်ငွေနဲ့ ဒဏ်ကြေးပေးဆောင်နိုင်ကြောင်း ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ပြည်သူတွေရဲ့ ကိုယ်ရေးအချက်အလက် ဒေတာတွေကို စောင့်ကြည့်ဖို့အပြင် တော်လှန်ရေးရဲ့ ထောက်ပံ့ကူညီနေသူတွေရဲ့ လုပ်ဆောင်မှုတိုင်းကို ထောက်လှမ်းခြေရာခံဖို့ ရုရှားကုမ္ပဏီတခုရဲ့ နည်းပညာအကူညီနဲ့ CEIR စနစ်ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။

တော်လှန်ရေးထောက်ပို့တယောက်က “စစ်ကောင်စီက အခုလို ဖုန်းတွေအားလုံးကို မှတ်ပုံတင်ဖို့ ညွှန်ကြားလာတာရှိတော့ ကိုယ်တွေကို တော်လှန်ရေးထဲ ပါဝင်ပတ်သက်နေတဲ့သူတွေ၊ ထောက်ကူနေတဲ့သူတွေ၊ ဖုန်းနဲ့ အလုပ်လုပ်နေတဲ့သူတွေ အတွက်တော့ လုံခြုံရေးနဲ့ပတ်သက်လို့ စိုးရိမ်ရတာပေါ့။ ပိုပြီးတော့ သတိထားရတော့မှာပဲ။ အရင်ကလည်း သတိထားပြီးတော့ လုပ်နေရတဲ့ အလုပ်တွေ ဆိုတော့ နှစ်ဆ တိုးပြီး ပိုသတိထားရတော့မယ်ထင်တယ်” လို့ ပြောပါတယ်။

ဒါတွေအပြင် ပြည်ပကနေ ကုမ္ပဏီတွေ၊ လုပ်ငန်းတွေ တင်သွင်းလာတဲ့ ဆက်သွယ်ရေးဖုန်း ဟန်းဆက်တွေနဲ့ ပုဂ္ဂိုလ်ရေးအရ ဝယ်ယူလာတဲ့ ဟန်းဆက်တွေက မိုဘိုင်းလက်ကိုင်ဖုန်းအခွန် ပေးဆောင်ဖို့ လိုအပ်ပြီး အခွန်ဆောင်ပြီးမှသာ CEIR စနစ်ထဲ မှတ်ပုံတင်ခွင့်ရရှိမှာဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

မဝေဖြိုးမြင့်က “တော်လှန်ရေးအင်အားစုတွေ၊ နောက် သတင်းအချက်အလက်နဲ့ ပတ်သက်ပြီးတော့ လုံလုံခြုံခြုံလုပ်ဖို့ လိုအပ်နေတဲ့ အစုအဖွဲ့တွေ မှန်သမျှကတော့ ဒီဟာအပေါ်မှာ ပိုပြီးတော့ သတိထားဖို့ လိုအပ်တဲ့ အနေအထား ဖြစ်ပါတယ်။ မလိုအပ်ရင် ဖုန်းတွေကို တနေရာရာမှာပဲ ထားခဲ့တာမျိုး ဒါမျိုးတွေပေါ့။ သယ်သွားရင်လည်း point တခုနဲ့တခု ချိတ်ဆက်မှုမရှိအောင် သယ်ရတဲ့နေရာမှာလည်း ပိုပြီး လုံခြုံတဲ့ သယ်နည်းမျိုးတွေ အကြုံပြုကြတာ အမျိုးမျိုးရှိပါတယ်။ ဒါတွေကိုလည်း အထူးသဖြင့် သတိထားပြီး လုပ်ဆောင်ဖို့ လိုတယ်လို့ မြင်တယ်။ ပိုပြီးတော့ သတိထားရမဲ့အပိုင်းတွေ ရှိလာတယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်ပါတယ်ရှင့်” လို့ ပြောပါတယ်။

နိုင်ငံအတွင်းက ဖုန်းကိုင်ဆောင်သူအားလုံး CEIR စနစ်ထဲ မှတ်ပုံတင်ဖို့ လိုအပ်ပြီး လက်ရှိ ကိုင်ဆောင် အသုံးပြုနေဆဲ ဖုန်းတွေကတော့ စနစ်ထဲ အလိုအလျောက် မှတ်ပုံတင်ထားပြီး ဖြစ်ပါတယ်။

နောက်ပိုင်း တင်သွင်း၊ ဝယ်ယူလာတဲ့ ဖုန်းအသစ်တွေအနေနဲ့ သတ်မှတ်ထားတဲ့ မတ် ၃၁ ရက်အထိ အခမဲ့ မှတ်ပုံတင်နိုင်မှာဖြစ်သလို ဧပြီ ၁ ရက်ကနေ ဧပြီလကုန်အထိ ယာယီအသုံးပြုခွင့် ပေးထားကာ ကျသင့်အခွန်နဲ့ ဒဏ်ကြေးပေးဆောင်မှသာ ဆက်လက်အသုံးပြုခွင့်ရမှာလည်း ဖြစ်ပါတယ်။

ဖုန်းအားလုံးထဲမှာတော့ ဆက်သွယ်ရေးကွန်ရက် (ဖုန်းဆင်းမ်ကတ်) ထည့်ထားမှသာ အလိုအလျောက် မှတ်ပုံတင်စနစ်ထဲ ထည့်သွင်းပေးမှာလည်း ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ မိုဘိုင်းဆင်းမ်ကတ်နဲ့ ဖုန်းအသုံးပြုသူ အရေအတွက်ဟာ ၂၀၂၅ နှစ်အကုန်ထိ ၆၂ ဒသမ ၅ သန်း ရှိနေကြောင်း ဒစ်ဂျစ်တယ်နဲ့ ဖုန်းဆက်သွယ်ရေးအဖွဲ့ Datareportal ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013