DVB Logo
Home
မြန်မာသတင်း
ဘီးလင်းမြို့နယ်ရှိ စစ်ရှောင်ပြည်သူ ၁၅,၀၀၀ ကျော်  ရိက္ခာနှင့် ဆေးဝါးလိုအပ်
DVB
·
March 5, 2026
ဘီးလင်းမြို့နယ်ရှိ စစ်ရှောင်ပြည်သူ ၁၅,၀၀၀ ကျော်  ရိက္ခာနှင့် ဆေးဝါးလိုအပ်
Donate to DVB

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ကျေးရွာ ၁၉ ရွာက စစ်ရှောင်ပြည်သူ ၁၅,၀၀၀ ကျော်ဟာ စစ်ရှောင်ကာလ ၃ လနီးပါးကြာ ကြာမြင့်လာတဲ့အတွက်  စားရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။ 

၂၀၂၅ ခုနှစ် ဒီဇင်ဘာလကစပြီး ဘီးလင်းမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ကူပြီး စစ်ကြောင်းထိုးဝင်ရောက်တာအပြင် ကျေးရွာတွေအတွင်းမှာ အခုအချိန်အထိ တပ်စွဲနေပါတယ်။

ဒါကြောင့် ဘီးလင်းမြို့နယ်အတွင်းက အလူးလေးကျေးရွာအုပ်စုနဲ့ ကဇိုင်းကျေးရွာ အုပ်စုတွင်းက ကျေးရွာ ၁၉ ရွာ ဒေသခံပြည်သူ ၁၅,၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ရှောင်ပြည်သူတယောက်က “စစ်ကြောင်းကလည်း ဆက်ပြီး(စစ်ကြောင်းထိုးနေ) အလုပ်လုပ်နေတော့ မပြန်ရဲသေးဘူး။ လက်ရှိ စစ်ရှောင်တဲ့နေရာမှာပဲနေ နေရတယ်။ အခက်အခဲတွေက အများကြီးရှိကြတာပေါ့နော်။  လူဦးရေက ၁၀,၀၀၀ ကျော်တယ်။  အကူအညီတွေ လိုအပ်တယ်။ စစ်ကြောင်းတွေက ဖိုးဝါးသိမ်မှာ တပ်တွေထိုင်ထားတယ်။ အခုလက်ရှိ စစ်ရှောင်တွေက အဆင်မပြေဘူးပေါ့နော်။ စားသောက်ရေး ဆေးဝါးလိုအပ်မယ်။ စားရေးသောက်ရေး လိုအပ်မယ်။ နောက် မိုးတွင်းပိုင်း ရောက်လာတဲ့အခါကျလိုရှိရင် နေဖို့ထိုင်ဖို့ လိုအပ်မယ်” လို့ ပြောပါတယ်။

ဇန်နဝါရီ ၂ ရက် မနက် ၈ နာရီခွဲလောက်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ အမျိုးသား တယောက် နေရာမှာတင် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ၂ နှစ်အရွယ် ကလေးငယ်အပါအဝင် ဒဏ်ရာရသူ ၃ ယောက်ရှိပြီး အဲဒီထဲက ကလေးငယ် တယောက်နဲ့ အမျိုးသမီး တယောက် ပြင်းထန်ဒဏ်ရာနဲ့ ထပ်မံသေဆုံးခဲ့ပါတယ်။

စစ်ရှောင်အရေးကူညီပေးသူတယောက်က “ဒီတပ်မဟာ ၁ မှာတော့ စစ်ကြောင်းထိုးနေတာ အားလုံး သိတဲ့အတိုင်းပဲလေ။ စစ်ကြောင်းထိုးနေတာလည်း တော်တော်လေးကြာပြီဆိုတော့ ဒေသခံ ပြည်သူလူထုတွေကတော့ စစ်ဘေးရှောင်နေရတာလည်း တော်တော်ကြာပြီပေါ့။ ဒီလိုကြာလာတာနဲ့ အမျှ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အဘက်ဘက်ကနေပြီတော့မှ နှောင့်နှေး ကြန့်ကြာတာတွေ ဖြစ်တယ်။  စစ်ကောင်စီကတော့ သူတို့လုပ်ရိုးလုပ်စဉ် သူတို့ကဆက်လုပ်နေမှာပဲ။ အဲဒီလို ဆက်လုပ်နေတဲ့အခါကျတော့ နှစ်ဖက်ထိတွေ့မှုတွေဖြစ်တဲ့ ကြားမှာတော့ ကျနော်တို့ ပြည်သူလူထုတွေကတော့ ကြားခံအနေနဲ့တော့ ထိပ်တိုက်ရင်ဆိုင်ရတယ်။ ဒီစစ်ဘေးရှောင်တွေ အတွက် ထည့်သွင်းစဉ်းစားပေးသင့်တယ်” လို့ ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေကို ကျေးရွာတွေမှာ ပြန်လည်မနေထိုင်ရင် ရွာကိုမီးရှို့ဖျက်ဆီးပစ်မယ်ဆိုပြီး  စစ်တပ်က ခြိမ်းခြောက်ထားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်မဟာ ၁၊ ခရိုင်အတွင်းရေးမှူးက ပြောထားပါတယ်။

ဒ့ါအပြင် မော်လမြိုင်-ရန်ကုန်လမ်းအနီးအနားက ကျေးရွာတွေကို နေ့တိုင်းလိုလို လက်နက်ကြီးတွေ အရင်ပစ်ခတ်ပြီး စစ်ရေးလှုပ်ရှားတာကြောင့် ကျေးရွာအတွင်း လက်နက်ကြီးကျည်တွေ ကျရောက်ကာ ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013