DVB Logo
Home
နိုင်ငံတကာ
စစ်ပွဲပိုမိုကျယ်ပြန့်၊ စရိတ်ထောင်းအောင်လုပ်ပြီး ပိုမိုတောင့်ခံရန် အီရန်က ဗျူဟာသုံးနေ
DVB
·
March 5, 2026
စစ်ပွဲပိုမိုကျယ်ပြန့်၊ စရိတ်ထောင်းအောင်လုပ်ပြီး ပိုမိုတောင့်ခံရန် အီရန်က ဗျူဟာသုံးနေ
Donate to DVB

အမေရိကန်နဲ့ အစ္စရေးကို ပြန်တုံ့ပြန်မဲ့ အီရန်ရဲ့ မဟာဗျူဟာက စစ်ပွဲကို ပိုကျယ်ပြန့်အောင်လုပ်၊ စရိတ်ထောင်းအောင်လုပ်ပြီး သမ္မတ ဒေါ်နယ်ထရမ့်ပ်ထက် ပိုကြာကြာတောင့်ခံနိုင်ဖို့ ဖြစ်တယ်လို့ နယူးယောက်တိုင်းမ် သတင်းစာက ဖော်ပြပါတယ်။

အမေရိကန်နဲ့ အစ္စရေးရဲ့ သာလွန်အင်အားကို ရင်ဆိုင်ရချိန်မှာ အီရန်ဟာ စစ်မြေပြင်ကို ဒေသတခုလုံးဆီ ချဲ့ထွင်ဖို့ ကြိုးစားနေပါတယ်။

အိမ်နီးချင်းနိုင်ငံတွေရဲ့ စွမ်းအင်အဆောက်အအုံတွေ၊ ဟော်မုဇ်ရေလက်ကြားနဲ့ လေကြောင်းခရီးစဉ်တွေ အဆင်မပြေဖြစ်ပြီး ကမ္ဘာ့စွမ်းအင်ဈေးနဲ့ ငွေကြေးဖောင်းပွမှု မြင့်တက်လာစေဖို့၊ ဒါ့အပြင် ရန်သူရဲ့ စျေးကြီးတဲ့ ဒုံးခွင်းစနစ်တွေ ကုန်ခန်းသွားစေဖို့ ရည်ရွယ်ပါတယ်။

“ဒီစစ်ပွဲက စိတ်ဓာတ်နဲ့ သက်လုံကို စမ်းသပ်တာပါ” လို့ ဝါရှင်တန်အခြေစိုက် ကျွမ်းကျင်သူ ဗာလီ နက်ဆာက ဆိုပါတယ်။

“သာလွန်တဲ့ စစ်တပ်တွေကို ရင်ဆိုင်ရချိန် စစ်မြေပြင်ချဲ့၊ စစ်ပွဲကို ရှုပ်ထွေးစေပြီး ကမ္ဘာ့စီးပွားရေးကိုပါ အန္တရာယ်ပေးဖို့က သူတို့ဗျူဟာပါ” လို့ သူက သုံးသပ်ပါတယ်။

နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) မှ အလီ ဗာရက်ဇ် ကလည်း “ထရမ့်ပ် နောက်ဆုတ်သွားအောင် အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး ပျက်ရင်တောင်မှ နာကျင်မှုတွေကို တတ်နိုင်သမျှ ဖြန့်ဝေပစ်ဖို့ အီရန်က ကြိုးစားနေတာပါ” လို့ ဆိုပါတယ်။

ဒီဗျူဟာကို အချိုးမညီခံနိုင်ရည်ရှိမှု (asymmetric endurance) လို့ခေါ်ပြီး  ကနဦးထိခိုက်မှုကို လက်ခံပြီး အစ္စရေး၊ အမေရိကန်နဲ့ ပင်လယ်ကွေ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ အားနည်းလာချိန်မှာ စစ်ရေးအရှိန်မြှင့်ဖို့ ရည်ရွယ်တာပါ။

အမေရိကန်မှာ သမ္မတသက်တမ်းလယ် လွှတ်တော်ရွေးကောက်ပွဲ ရှိနေသလို ဒီစစ်ပွဲအပေါ် MAGA အုပ်စုကလည်း သံသယရှိနေချိန်မှာ ဒေါ်နယ်ထရမ့်ပ်ဟာ အမေရိကန် အသေအပျောက်နဲ့ ငွေကြေးဖောင်းပွမှု ပိုမဆိုးခင် စစ်ပွဲကို အဆုံးသတ်ဖို့ ရွေးလိမ့်မယ်လို့ ယူဆတဲ့ ဗျူဟာ ဖြစ်ပါတယ်။

လက်ရှိမှာ အမေရိကန်စစ်သား ၆ ယောက် သေဆုံး၊ လေယာဉ် ၃ စင်း ပစ်ချခံထားရပြီး သံရုံးနဲ့ စစ်စခန်းတွေလည်း တိုက်ခိုက်ခံနေရပါတယ်။

ဟစ်ဇ်ဘိုလာတွေ စစ်ထဲပါလာသလို ဒုံးခွင်းစနစ်တွေ ကုန်ခန်းလာလို့ ပင်လယ်ကွေ့နိုင်ငံတွေ စိုးရိမ်နေကြပါတယ်။

ဆော်ဒီနဲ့ ကာတာက စွမ်းအင်စက်ရုံတွေ တိုက်ခိုက်ခံရလို့ စွမ်းအင်ဈေးတွေ ထိုးတက်သွားပြီး ဟော်မုဇ်ရေလက်ကြားမှာလည်း ရေကြောင်းသွားလာမှု ရပ်တန့်လုနီးပါး ဖြစ်နေပါတယ်။

မတ် ၂ ရက်မှာ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး အလီ လာရီဂျာနီက သူတို့အနေနဲ့ ရေရှည်စစ်ပွဲအတွက် ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။ တဖက်မှာ အစ္စရေးနဲ့ အမေရိကန်က အီရန်ရဲ့ ဒုံးကျည်ကွန်ရက်တွေကို အမြန်ဆုံးဖျက်ဆီးဖို့ ကြိုးစားနေပါတယ်။

မတ် ၂ ရက်နေ့မှာပဲ ထရမ့်ပ်က စစ်ပွဲကို နောက်တလ ထပ်ဆင်နွှဲမယ်လို့ ကြွေးကြော်ထားပြီး နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို ကလည်း “အပြင်းထန်ဆုံး ထိုးနှက်ချက်တွေ လာဖို့ရှိသေးတယ်” လို့ ပြောပါတယ်။

အမေရိကန်ဟာ လူထုအုံကြွမှုဖြစ်စေဖို့ အီရန်က လူနည်းစုတွေကိုပါ လှုံ့ဆော်နေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ပင်လယ်ကွေ့နိုင်ငံတွေက တိုက်ခိုက်မှုတွေကို ညီညီညွတ်ညွတ် ရင်ဆိုင်မယ်လို့ ကြေညာထားပါတယ်။

အမေရိကန်တပ်တွေကို လေပိုင်နက်နဲ့ နယ်မြေအသုံးပြုခွင့် ပိုပေးလာနိုင်တယ်လို့ အရှေ့အလယ်ပိုင်းကျွမ်းကျင်သူ ဟာဆန် တီ အယ်လ်ဟာဆန်က ပြောပါတယ်။

ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့ကလည်း ပင်လယ်ကွေ့က သူတို့အကျိုးစီးပွားကို ကာကွယ်မယ်လို့ ထုတ်ပြန်ထားပါတယ်။

ထရမ့်ပ်က ဗင်နီဇွဲလားမှာလို ခေါင်းဆောင်ကို ဖမ်းဆီးပြီး အစိုးရယန္တရား ချန်ထားခဲ့တဲ့ပုံစံမျိုးကို သဘောကျနေပါတယ်။ ကွယ်လွန်သွားတဲ့ အီရန်အဓိပတိ အယာတိုလာ အလီ ခါမေနီ နေရာမှာ သဘောထားမပြင်းထန်တဲ့ အစိုးရမျိုး အစားထိုးနိုင်ရင်ပဲ အောင်မြင်ပြီ ပြောလို့ရနေပါတယ်။

နိုင်ငံခြားရေးမူဝါဒ လေ့လာသူ မက်သရူး ခရိုးနစ်ဂ် ကတော့ “ထရမ့်ပ်ဟာ ရေရှည်စစ်ပွဲကို မလိုလားတာကြောင့် အချိန်မရွေး စစ်ရပ်ပြီး အောင်မြင်မှုလို့ ကြေညာနိုင်တယ်” လို့ သုံးသပ်ပါတယ်။

လက်ရှိ အမေရိကန်မဟာဗျူဟာက ဘာလိုချင်တာလဲ ဆိုတာထက် ဘာကိုရှောင်ရှားချင်သလဲ ဆိုတဲ့အပေါ် ပိုအခြေခံနေတယ်လို့ သူက ဆက်လက်သုံးသပ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013