
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အခြေစိုက် အမြောက်တပ်ကနေ စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၂ ယောက် သေနတ် ၁ လက်နဲ့အတူ ထွက်ပြေးသွားတယ်လို့ တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် အမြောက်တပ် အမတ ၃၄၄ ကနေ စက်တင်ဘာလ ၁၇ ရက် ညနေပိုင်းမှာ တပ်ကြပ်အဆင့်ရှိသူတယောက်နဲ့ တပ်သားတယောက်တို့ ထွက်ပြေးသွားတာ ဖြစ်ပါတယ်။
ရေကြည်အမြောက်တပ် အမတ ၃၄၄ နဲ့ နီးစပ်သူတယောက်က “ည ၈ နာရီကျော်လောက်ကနေ ထွက်ပြေးသွားတာလို့ သိရတယ်။ ထွက်ပြေးသွားတဲ့ စစ်အာဏာရှင်တပ်သားတွေက အရင်တပ်သားတယောက်နဲ့ စစ်မှုထမ်းအပတ်စဉ် ၈ က တပ်သားတယောက်လို့ သိရတယ်။ လက်နက်တခု ပါသွားတယ်။ အမျိုးအစားတော့ မသိရသေးဘူး”လို့ ပြောပါတယ်။
ထွက်ပြေးသွားတဲ့ တပ်ဖွဲ့ဝင်တွေကို စစ်အာဏာရှင်တပ်က ပိုက်စိပ်တိုက် လိုက်လံရှာဖွေနေပြီး စက်တင်ဘာလ ၂၀ ရက် ညနေပိုင်းအထိ ပြန်လည်ဖမ်းမိတာ မရှိသေးဘူးလို့ သိရပါတယ်။
စစ်ရေးသတင်းရင်းမြစ်တစ်ယောက်က “အမတ ၃၄၄ တပ်ထဲမှာ တပ်သားတွေ များများမရှိပါဘူး။ တိုက်ပွဲကလည်း ရှိနေတယ်။ ထွက်ပြေးတဲ့တပ်သားတွေ၊ အကျအဆုံးတွေနဲ့ ပြုန်းနေပြီ။ အခုပြေးတဲ့ တပ်သားတွေက တခြားဒေသကနေ ရောက်လာတဲ့ တပ်သားတွေချည်းပဲ”လို့ ပြောပါတယ်။
အဆိုပါ စစ်အာဏာရှင်တပ်သားတွေ ထွက်ပြေးသွားတာနဲ့ ပတ်သက်ပြီး အပူတပြင်း လိုက်လံ ရှာဖွေနေတဲ့အပြင် စစ်ဆေးရေးဂိတ်တွေမှာလည်း ဓာတ်ပုံတွေနဲ့ တိုက်ဆိုင်စစ်ဆေးနေတယ်လို့ တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဇူလိုင် ပထမအပတ်ကလည်း ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့ရှိ စစ်အာဏာရှင်တပ်စခန်း တခုကနေ စစ်အာဏာရှင်တပ်သား ၃ ယောက် ထွက်ပြေးခဲ့သေးတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အခြေစိုက် အမြောက်တပ် အမတ ၃၄၄ အပါအဝင် တပ်စခန်းနဲ့ တပ်ရင်းတွေ၊ စစ်မြေပြင်တွေကနေ တပ်သားတွေ မကြာခဏ ထွက်ပြေးနေတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်၊ ပြည်သူ့တပ်ဖွဲ့နဲ့ ရဲတွေက ထွက်ပြေးတပ်သားတွေကို လိုက်လံရှာဖွေနေပေမဲ့ ဖမ်းမိတာ မရှိသေးဘူးလို့ တပ်နဲ့နီးစပ်သူတွေက ဆိုပါတယ်။











